မွန်မှာ စက်သုံးဆီ ပြတ်လပ်နေ
မွန်ပြည်က မြို့နယ် တော်တော်များများမှာ စက်သုံးဆီ ပြတ်လပ်နေတာဟာ အချိန်တစ်ပတ်လောက် ကြာမြင့်နေပြီ ဖြစ်ပြီး နာရီနဲ့ချီ တန်းစီ စောင့်ဆိုင်းပြီးမှ အကန့်သတ်နဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခု နိုဝင်ဘာ ပထမအပတ်ကုန်လောက်က စပြီး မော်လမြိုင်၊ ရေးမြို့နဲ့ သထုံမြို့ အပါအဝင် မြို့နယ် တော်တော်များများမှာ စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေပြီး နာရီနဲ့ချီ တန်းစီ စောင့်ဆိုင်းပြီး ဝယ်ယူရသလို တချို့နေရာတွေမှာဆို ဝယ်ယူလို့ပါ မရတဲ့ အခြေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို အရင်က သီလဝါဆိပ်ကမ်းကနေ သယ်ယူရပေမယ့် လက်ရှိမှာ မုဒုံမြို့မှာရှိတဲ့ ရာဇာမင်းဆိပ်ကမ်းက သယ်ယူနေရပြီး လမ်းခရီး ကြန့်ကြာတာနဲ့ စီမံခန့်ခွဲမှု အားနည်းတာကြောင့် စက်သုံးဆီ ပြတ်လပ်မှု ဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“သီလဝါက ထုတ်မပေးဘဲ ကုမ္ပဏီတစ်ခုကို တင်ဒါပေးလိုက်တာကြောင့်လို့ ကြားတယ်။ အခုက ဆိုင်တိုင်း ဆီမရောင်းဘူး။ ဝယ်ရတာခက်တယ်။ တခါတန်းစီရင် ၅ ထောင်ဖိုးလောက်ပဲ ရတယ်”လို့ သထုံမြို့မှ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်မှာလည်း စက်သုံးဆီတွေက ပုံမှန် တစ်လီတာ ၃ ထောင်ကျော် ဈေးပဲ ဆက်ရှိနေပေမယ့် ဆီဆိုင်တွေက အချိန်နဲ့ပဲ ဖွင့်ပြီး အကန့်သတ်နဲ့ပဲ ရောင်းပေးနေတယ်လို့ သိရပါတယ်။
“ပြတ်လပ်နေတာ ဟုတ်တယ်။ ဆိုင်တွေက အချိန်နဲ့ပဲ ဖွင့်နေတာ။ ကိုယ့်ဆိုင်ကယ်နဲ့ သွားမှ ထည့်ပေးတာ”လို့ ရေးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
မွန်ပြည်နယ်မှာ စက်သုံးဆီ ဖြန့်ဝေတာကို Myanmar Energy King ကုမ္ပဏီနဲ့ Yar Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားတာလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ စက်သုံးဆီ ပြတ်လပ်မှု မကြာခဏ ဖြစ်လေ့ရှိပြီး စစ်ကော်မရှင်ကို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
စစ်ကော်မရှင် ခန့် ဝန်ကြီးချုပ်ကတော့ မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်မှု မရှိအောင် ကြပ်မတ် ဆောင်ရွက်ဖို့နဲ့ စက်သုံးဆီ ဈေးတွေကို သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်း မရောင်းပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရေးယူဖို့ မနေ့ နိုဝင်ဘာလ ၉ ရက်နေ့က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
