■ပကဖ အချုပ်ခန်းကနေ ထွက်ပြေးသွားသူအနက် ပြစ်မှုကြီးကျူးလွန်ထားသူဟုဆိုသူ ၂ ဦးဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားတယ်လို့ဆို ■ မြင်းခြံခရိုင်အတွင်း စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်လို့ တစ်ရက်တည်း ဒေသခံ ၇ ဦး သေဆုံးခဲ့
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အချုပ်ခန်းကနေ အခု အောက်တိုဘာ ၁၆ ရက်မှာ ထွက်ပြေးလွတ်မြောက်သူတွေထဲက ပြစ်မှုကြီးကျူးလွန်ထားတယ်လို့ဆိုသူ အရေးကြီးသူ ၂ ဦးဟာ စစ်အုပ်စုဘက်ကို ပူးပေါင်းသွားတယ်လို့ မြင်းခြံခရိုင် တော်လှန်ရေးတပ်ဖွဲ့နဲ့ မြင်းခြံဒေသခံထံက သိရပါတယ်။
ခရိုင် ပကဖ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေထဲက အရေးကြီးသူ ၂ ဦးဟာ ဓားပြမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုတို့နဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ကာ ONE Local PDF ခေါင်းဆောင် ပေါကြီးဆိုသူနဲ့ မြင်းခြံခရိုင် တပ်ရင်း၊ ခရိုင်ကွပ်ကဲရေးရုံးမှာ ရုံးအကူလုပ်သူ အောင်ကြီးဆိုသူတို့ ဖြစ်တယ်လို့ မြင်းခြံခရိုင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အဓိကကျတဲ့သူ ၂ ဦး စကစဘက် ရောက်သွားတာ၊ ပေါကြီးနဲ့ အောင်ကြီးတို့။ အောင်ကြီးက တပ်ရင်းတပ်ဖွဲ့တွေရဲ့ နေရာ အကုန်နီးပါးသိတယ်။ တပ်ရင်းအကြောင်းလည်း သိတယ်။ ဓားပြတိုက် ပြန်ပေးဆွဲပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေမှာ သိန်းတစ်ထောင်နဲ့ ရွေးခိုင်းရင် သူက သိန်း ၂၀၀ ရတယ်။ အဲဒီလိုမျိုး ကြံရာပါ” လို့ အဲဒီအကြောင်းကို သိရှိထားသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ခရိုင် ပကဖ အချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားသူတွေထဲက ၁၄ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲက ၁ ဦးကတော့ ခရိုင် ပကဖနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ဖမ်းဆီးမှုအတွင်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။ အချုပ်ခန်းဖောက်ထွက်ပြေးသွားသူ ၃၂ ဦးထဲက ၁၄ ဦးသာ ပြန်လည်ဖမ်းဆီးရမိသေးတာကြောင့် ၁၈ ဦး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုကလည်း အောက်တိုဘာ ၁၉ ရက်မှာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ မြင်းခြံဒေသခံတွေဆီက သိရပါတယ်။
ပေါကြီးနဲ့ အောင်ကြီးတို့ ၂ ဦး စစ်အုပ်စုနဲ့ ပူးပေါင်းခဲ့တာကြောင့် မြင်းခြံခရိုင် ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေကို လေကြောင်းရန် သတိပေးမှုတွေ လုပ်ဆောင်ထားရပြီး လုံခြုံရေးတပ်လှန့်ထားမှုတွေလည်း လုပ်ဆောင်ထားရတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ တွေဆီက သိရပါတယ်။
ပုံစာ – မြင်းခြံခရိုင်အတွင်း စစ်အုပ်စုက ဗုံးကြဲတိုက်မှုများကို မြင်ရပုံ
