သူခိုးအုပ်စုအား ဝိုင်းဖမ်းရာ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအား ဖမ်းမိသဖြင့် ဆုံးမ၍ ပြန်လွှတ်ပေးခဲ့

Author မေ
Categories
Published on Oct 28, 2022

မန္တလေးမြို့၌ သူခိုးအုပ်စုအား ဝိုင်းဖမ်းရာ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအား ဖမ်းမိသဖြင့် ဆုံးမ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ရက် နံနက် ၂နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၄/၅၅လမ်းကြား၊ ၁၁၃ Dလမ်းရှိ အိမ်ဆောက်ပစ္စည်းများ ထားရှိရာ အဆောက်အဦးအတွင်းသို့ လူ ၁၅ဦးပါ အုပ်စုတစ်စုမှ ဝင်ရောက်ခိုးယူခဲ့ကြောင်း သိရသည်။ ထိုသို့ ခိုးယူစဉ် ပတ်ဝန်းကျင်ရှိ နေထိုင်သူများနှင့် နီးစပ်ရာ ပရဟိတအဖွဲ့တို့မှ ပူးပေါင်းကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၁၇နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့အား ဖမ်းမိခဲ့ကာ အခြားသူများ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

” သူတို့က လူ ၁၅ဦးလောက်ပါတဲ့ အုပ်စုလိုက်ကြီး ဆောက်လုပ်ရေးပစ္စည်းတွေကို ဝင်ခိုးကြတာ။ သုံးဘီးတွေရော၊ ဆိုင်ကယ်တွေရောလည်း ပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ဝိုင်းဝန်းကြတာ ကလေး ၂ဦး မိပါတယ် ။ ကျန်ရှိတဲ့ လူတွေတော့ ထွက်ပြေးသွားကြတယ်။ “ဟု ဝိုင်းဖမ်းပေးသူ တစ်ဦးက ပြောသည်။

ဖမ်းမိသည့် ကလေးငယ်နှစ်ဦးအား စစ်ဆေးရာ ကန်သာယာရပ်ကွက်၊ ဗ/၂၆ ကျုးကျော်တဲ၌ နေထိုင်သူများ ဖြစ်ကြောင်း သိရ၍ နောက်မလုပ်ရန် ကတိတောင်းခံ၍ ဆုံးမခဲ့ကာ ၎င်းတို့ နေအိမ်ရှိရာ လမ်းအတွင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

” အဲ့ဒီ အသက်မပြည့်သေးတဲ့ ကလေးနှစ်ယောက်ကို ကျွန်တော်တို့က ရိုက်တာ၊ ပြုတာ မရှိပါဘူး။ ကောင်းကောင်းမွန်မွန် ဆုံးမပြီး နောက်မလုပ်ဖို့ ကတိတောင်းခံတယ်။ ပြီးတော့ သူတို့နေတဲ့ လမ်းထဲ အထိ ပို့ပေးခဲ့ပါတယ်”ဟု ပြောသည်။

မန္တလေး၌ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့၍ လုယက်မှု၊ ခိုးယူမှုများ များစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။ ဆိုင်ကယ်စီး၍ လုယက်မှု၊ အုပ်စုဖွဲ့၍ လုယက်မှုများမှသည် လူသတ်၍ လုယက်သည်အထိ ပြစ်မှုကျူးလွန်သူ များပြားလာရာမှ အသက်မပြည့်သေးသည့် ကလေးများပါ ပြစ်မှုများ ကျူးလွန်လာနေကြောင်း သိရသည်။
#မန္တလေး #ခိုးမှု #ကလေးငယ်