ကန့်ဘလူတွင် ဓားစာခံ ဖမ်းဆီးထားသူများကို ပျူများက ငွေသိန်းချီညှစ်ပြီး ပြန်လွှတ်၊ ပျူခေါင်းဆောင် ဘုန်းကြီး ဦးဝါသဝ သိမည်စိုး၍ လိုက်ဖုံးနေ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ပျူစောထီးများက ၄င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံများကို ငွေသိန်းချီညှစ်ပြီး ခေါင်းဆောင် ပျူဘုန်းကြီး ဦးဝါသဝ မသိဘဲ ပြန်လွှတ်ပေးခဲ့ပြီးကာမှ ဦးဝါသဝ သိသွားမည်စိုး၍ သတင်းလိုက်ဖုံးနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် ကန့်ဘလူ နယ်တစ်ဝိုက်၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပျူစောထီး ခေါင်းဆောင် ဦးဝါသဝသည် ၄င်း၏ တပည့် ပျူစောထီများ ခိုးယူလာသည် ဖြစ်စေ၊ လုယက်လာသည်ဖြစ်စေ ၄င်းထံ ရှိရှိသမျှ အပ်နှံရန် ညွှန်ကြားထားသည်ဟု ကန့်ဘလူ ဒေသခံတစ်ဦးက ပြောသည်။
သို့သော်လည်း ပျူစောထီများက ကန့်ဘလူနယ်၊ ကင်းတပ်ဆည်အနီးရှိ ဘုတ္တောကျေးရွာ အောင် ဘော်ဒါဆောင် အနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး မသိပါဟု ဖြေခဲ့သူ အစ္စလာမ်ဘာသာဝင် အမျိုးသား ၇ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၃သိန်းစီ တောင်းယူ ငွေညှစ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို ငွေညှစ်၍ ရသည့် ငွေများကို ပျူများက ခေါင်းဆောင် ဦးဝါသဝ မသိစေဘဲ ယူလိုက်ကြပြီးကာမှ ၄င်းတို့ ပြန်လွှတ်ပေးသူများထဲမှ တစ်ဦးကို ငွေညှစ်သည့် ကိစ္စ ပေါက်ကြားစေသည်ဟု ဆိုကာ ပြန်ဖမ်းခဲ့သည်။
ထို့ပြင် ယခု ဖြစ်စဥ်အား အွန်လိုင်းပေါ်သို့ တင်ပါက ရွာကို မီးရှို့မည်ဟုလည်း ဒေသခံများအား ပျူစောထီးများက ခြိမ်းခြောက်နေကြောင်း သိရသည်။
” အခုလို ပြန်ဖမ်းခေါ်လာတဲ့ ရည်ရွယ်ချက်က သူတို့ပိုက်ဆံတောင်းတာကို တခြားလူတွေမသိစေချင်လို့ ဆိုတာထက် ဝါသဝ သိမှာဆိုးလို့ပါ။ဝါသဝက လုလာလို့ပဲဖြစ်ဖြစ် ခိုးလာလို့ပဲဖြစ်ဖြစ် ပါလာသမျှ ပိုက်ဆံ ရွှေ ငွေ အကုန် သူ့ဆီအပ်မှ ကြိုက်တာ။အခုလို တယောက်ကို ပိုက်ဆံ ၁၃ သိန်းဆီတောင်းတာကို ဝါသဝက မသိဘူး။အခုလဲ ဒီသတင်းကို လိုင်းပေါ်တင်ရင် ရွာကိုမီးရှို့ပစ်မယ်ဆိုပီး ရွာခံတွေအပေါ် ခြိမ်းခြောက်နေတာလို့ ကြားတယ်။ ” ဟု ဒေသခံ တစ်ဦးက ဒေသတွင်း သတင်းကွန်ယက် Infinity Group သို့ ပြောထားသည်။
အဆိုပါ ဖြစ်စဥ်တွင် ပျူစောထီးများပြန်ဖမ်းခဲ့သူမှာ စမာန်အင် ဆိုသူ လူငယ်ဖြစ်ပြီး ၄င်းအပါအဝင် အခြား ဒေသခံများ ဖြစ်သည့် ကိုကာတူး ၊ ကိုကျော်ဇင်ဦး ၊ ကိုဆန်းနိုင်ဝင်း ၊ ကိုသိန်းငွေ ၊ ၊ ရွှေဇော်ဟိန်း နှင့် ကိုမျိုးမြင့် စုစုပေါင်း ၇ ဦးအား တဦးလျင် ငွေကျပ် ၁၃ သိန်း၊ ၁၀ သိန်း နှင့် ပိုက်ဆံလုံးဝ မတက်နိုင်သည့်သူအား ငွေကျပ် ၁ သိန်းအထိတောင်းကာ ပျူများက ပြန်လည်လွှတ်ပေးခဲ့ခြင်းဟု သိရသည်။