လက်ပံတန်းတွင် အဖမ်းခံခဲ့ရသည့် ရိုဟင်ဂျာ ၂၈ဦးအနက် အသက်မပြည့်သေးသူ လေးဦး ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

Author ခေတ်နီ
Categories
Published on Oct 28, 2022

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ ၂၈ ဦးအနက်မှ အသက်မပြည့် သေးသူ ၄ ဦးကို ထောင်ဒဏ်၂နှစ်ချမှတ်လိုက်ကြောင်း ၎င်းတို့အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများထံမှ သိရသည်။

ရန်ကုန် -ပြည်ကားလမ်းမဘေး မိုင်တိုင်အမှတ်၈၉/၆ အနီးတွင် ရပ်တန့်ထားသည့် ပြောင်းဖူးတင်ကားအတွင်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လိုက်ပါလာသည့် ရိုဟင်ဂျာလူမျိုး ၂၈ ဦးကို ပြီးခဲ့သည့် စက်တင် ဘာလ ၄ ရက်နေ့တွင် ဖက်ဆစ်စစ်တပ် လက်အောက် ခံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပဲ ဖြစ်သည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၂၈ဦးအနက်မှ အသက် ၁၈နှစ်အထက် ၂၄ဦးကို လက်ပံတန်းမြို့နယ်တရားရုံးမှ ၁၉၄၉ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၂)၊ ၆(၃)ဖြင့် ထောင်ဒဏ်၆လချမှတ်ခဲ့ပြီး အသက်မပြည့်သေးသည့် လူငယ်၄ဦးကိုတော့ လူငယ်ထိန်းသိမ်းရေးစခန်းများမှာ ၂ နှစ်စီဖြင့် အသီးသီး ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်းသိရသည်။

“မနေ့က အမိန့်ချတယ် ၂၄ယောက်ကတော့၆လပေါ့လေ ကလေး ၄ ယောက်ကတော့ကျနော်တို့ကို အမှုလိုက်ခွင့်မပေးဘူး သူတို့က ဒီလိုမှတ်ပုံတင်မပါပဲဝင်လာမိပါတယ်ဆိုပြီးဝန်ခံလိုက်တော့ အမှုမစစ်တော့ပဲ အ ထက်အမိန့်နဲ့ပဲ ၂ နှစ်ချလိုက်တယ်ပေါ့လေ “ဟု ၎င်းရိုဟင်ဂျာများ၏ အမှုကို လိုက်ပါကူညီဆောင်ရွက် ပေးခဲ့သည့် ရှေ့နေများနှင့် နီးစပ်သူတစ်ဦးက CJ Platformသို့ပြောပြသည်။

ထိုသို့ အမိန့်ချမှတ်ခံရသည့် အသက်မပြည့်သေးသူ များထဲမှ မိန်းကလေး ၂ ဦးကို တွံ့တေးမိန်းကလေးကျောင်းနှင့် ယောကျ်ားလေး ၂ ဦးကို ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းများကို ပို့ဆောင်ထားမှာ ဖြစ်ကြောင်းလဲ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများဟာ ၎င်းတို့ ၏နေရပ်များတွင် စားဝတ်နေရေးခက်ခဲမှုများရှိနေခြင်း အစိုးရ၏ဖိနှိပ်ခံရမှုများရှိနေခြင်းကြောင့် အရဲစွန့်ကာ ပြည်ပနိုင်ငံများသို့အလုပ်သွားရောက်လုပ်ကိုင်ရန် ပြည်တွင်းသို့ဖြတ်ကျော်ဝင်ရောက်နေရပြီး အစိုးရအဆက်ဆက်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံနေရတာပဲ ဖြစ်သည်။

ဖက်ဆစ်စစ်တပ်သည် ၁၉၄၉ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၂)၊ ၆(၃)များဖြင့် ရိုဟင်ဂျာများအား တရားစွဲဆိုလေ့ရှိသော်လည်း ရိုဟင်ဂျာများအား မှတ်ပုံတင်အထောက်အထားများ ထုတ်ပေးရန် ငြင်းဆန်လေ့ရှိခဲ့သည်။