တရုတ်အစိုးရသတင်းဌာန Xinhua က စစ်ကော်မရှင်ရဲ့ Myanmar Narrative Think Tank နဲ့ပူးပေါင်းပြီး စစ်ကော်မရှင်အတွက် ဝါဒဖြန့်ပေးတော့မလား

စစ်ကော်မရှင်ရဲ့ နိုင်ငံတကာပုံရိပ်မြှင့်တင်ရေးနဲ့ နိုင်ငံရေးဇာတ်ကြောင်းဖော်ဆောင်ရေးအတွက် ဖွဲ့စည်းထားတဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဟာ တရုတ်နိုင်ငံရဲ့ တရားဝင်အစိုးရသတင်းဌာနကြီးဖြစ်တဲ့ ဆင်ဟွာ (Xinhua) နဲ့ မိတ်ဖက်အဖြစ် တရားဝင် လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။
ဒီပူးပေါင်းမှုဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးဇာတ်ကြောင်းတွေကို နိုင်ငံတကာ၊ အထူးသဖြင့် အနောက်အုပ်စုမဟုတ်တဲ့ ‘တောင်ကမ္ဘာခြမ်း‘ နိုင်ငံတွေဆီ ဖြန့်ဝေဖို့ ရည်ရွယ်သလားဆိုတာစဉ်းစားစရာပါ။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုတော့ မနေ့ ဩဂုတ် ၂၂ မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားမှာ MNTT ဥက္ကဋ္ဌ ဦးကိုကိုက ဒီပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဆက်ဆံရေးကို ခိုင်မာစေဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆင်ဟွာသတင်းဌာန၊ ရန်ကုန်ဗျူရိုအကြီးအကဲ Mr. Zhang Dongqiang ကတော့ သူ့ရဲ့အဆိုအရ ဆင်ဟွာသတင်းဌာနက စတင်ထားတဲ့ “တောင်ကမ္ဘာခြမ်း ပူးတွဲဆက်သွယ်ဆောင်ရွက်မှု အစီအစဉ်” မှာ MNTT ကို အထူးဖိတ်ခေါ်ခဲ့တာဖြစ်ပြီး၊ တောင်ကမ္ဘာခြမ်းနိုင်ငံတွေရဲ့ နိုင်ငံတကာအသံကို ပိုမိုကျယ်လောင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက်အရ MNTT ရဲ့ အချက်အလက်တွေကို Xinhua ရဲ့ Global South Media News Network ကနေ တဆင့် သီးသန့်ကဏ္ဍတွေနဲ့ ထုတ်ပြန်နိုင်တော့မှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီ “မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့” (MNTT) ဟာ လွတ်လပ်တဲ့ ပညာရှင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေတာတော့ မဟုတ်ပါဘူး။ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းရဲ့ အဓိကပံ့ပိုးမှုနဲ့ ဖွဲ့စည်းထားပြီး၊ ဝန်ကြီးဌာနရဲ့ ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ဒီအဖွဲ့ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းတွေကို “နိုင်ငံရေးအရ ခဝါချမှု” လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်ရဲ့ “အငှားပါးစပ်” (mouthpiece) တစ်ခုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။
ဒီအဖွဲ့ရဲ့ နောက်ခံရာဇဝင်ကို ကြည့်မယ်ဆိုရင်လည်း စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုဟာ ဦးသန်းရွှေစစ်အစိုးရလက်ထက်ကတည်းက မီဒီယာလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်တယ်။ အဖွဲ့ဝင်ဒါရိုက်တာတွေထဲမှာ ၁၉၈၈ အရေးအခင်းမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်ကနေ လက်ရှိ စစ်ကောင်စီအထိ အကြံပေးဖြစ်လာတဲ့ ဒေါက်တာဇော်ဦး၊ စစ်ဘက်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂအင်စတီကျုကို တည်ထောင်သူ ဒေါက်တာနိုင်ဆွေဦးတို့လို ပုဂ္ဂိုလ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိပ္ပာယ်ကို ကြည့်ရင်၊ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ကြောင်းနဲ့ ရပ်တည်ချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းဆီ တိုက်ရိုက်ဖြန့်ဝေဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းကွန်ရက်ကြီးဖြစ်တဲ့ Xinhua ကိုအသုံးပြုပြီး အနောက်တိုင်းမီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ရှောင်ကွင်းကာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကက နိုင်ငံတွေဆီကို သူတို့ရဲ့အသံကို ရောက်ရှိအောင် ကြိုးပမ်းမယ့်သဘော ဖြစ်ပါတယ်။
MNTT ရဲ့ အဓိကရည်မှန်းချက်တွေထဲမှာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်ဖို့ ပါဝင်တယ်လို့ အဖွဲ့ဝင်တွေက ပြောဆိုထားတာကြောင့်၊ ဒီပူးပေါင်းမှုဟာ စစ်ကော်မရှင်ရဲ့ ရှေ့ဆက်သွားမယ့် နိုင်ငံရေးအစီအစဉ်တွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။
ဓာတ်ပုံ – pro SCA