ထားဝယ်မှာ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးကျော် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းမကြီးအတိုင်း မေတ္တာမြို့ဘက်ကို ဦးတည်ပြီး ဝင်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထောက်ပို့ယာဉ် ၈ စီး ပျက်စီးခဲ့သလို စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယာဉ် ၁၀ စီးပါ စစ်အုပ်စုယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို သင်္ကန်းတုန်းရွာနဲ့ ဝကုန်းရွာကြားက ဘဲ့မဲ့တပ်တောင်တစ်ဝိုက်တို့မှာ ဩဂုတ်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၂ ရက်တာ တိုက်ခိုက်မှုအတွင်း ထောက်ပို့ယာဉ် ၈ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံးကာ ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU-ဗဟို) က ထုတ်ပြန်ထားသလို ဒူရကစစ်ကြောင်းကလည်း ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်အုပ်စုဘက်က တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် M-1 သေနတ် ငါးလက်၊ G-3 တစ်လက်နှင့် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မေတ္တာမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ-၄၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၀)၊ DNLA ရဲ့ ဒူရက စစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ကျားသစ်နက်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ သံမဏိပြောက်ကျား (နဘယံ)၊ ဒေါနတပ်ခွဲ (၇)၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း (T5)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) နှင့် အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (EDF) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – KNU