ရန်ကုန်မှာ နှစ်ရက်ဆက် ငလျင်လှုပ်လို့ အထပ်မြင့်နေသူတွေ စိုးရိမ်နေ

Author CJ Platform
Categories
Published on Aug 21, 2025

ရန်ကုန်က မြို့နယ်အချို့မှာ မနေ့ ဩဂုတ်လ ၂၀ ရက်နေ့နဲ့ ဒီနေ့ ၂၁ ရက်နေ့မှာ ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်နေသူတွေအနေနဲ့ သိသိသာသာ ခံစားခဲ့ရတာကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ရန်ကုန်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၆၀ဝန်းကျင် ပင်လယ်အတွင်းမှာ နှစ်ရက်ဆက် လှုပ်ခတ်ခဲ့တာဖြစ်ပြီး လေးကြိမ်ဆက် လှုပ်ခတ်ခဲ့တာကြောင့် ရန်ကုန်နေ ပြည်သူတွေ စိုးရိမ်နေကြတာပါ။

 

“ဒီနေ့မနက်မှာလည်း ငလျင်လှုပ်သွားတယ်။ သိသိသာသာ ခံစားလိုက်ရတယ်” လို့ ရန်ကုန်မြို့ အထပ်မြင့်တိုက်မှာ နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီကနေ့မနက် ၉ နာရီ ၂၈ မိနစ်အချိန်မှာ ကွမ်းခြံကုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာမှာ အင်အား ရစ်(ခ်)တာစကေး (၅ ဒသမ ၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ရန်ကုန်က မြို့နယ်အချို့မှာတော့ ငလျင်လှုပ်တာကြောင့် အထပ်မြင့်နေသူ တချို့က ပြေးဆင်းခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း သက်ရောက်မှုရှိတယ်လို့ သိရပြီး ဘန်ကောက်မြို့ရဲ့ အထပ်မြင့်က လူတွေ အောက်ကို ပြေးဆင်းလာကြတာကိုလည်း ထိုင်းသတင်းတွေအရ သိရပါတယ်။

 

အခု လှုပ်ခတ်ခဲ့တဲ့ မြေငလျင်တွေဟာ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ခတ်တာဖြစ်ပြီး ဒီမြေငလျင်အစုတွေဟာ သပိတ်ကျင်း-ပြင်ဦးလွင်-ထီလာမှာ တစ်စု၊ ရှမ်းအရှေ့တောင်-တောင်နဲ့ ကရင်နီအရှေ့မြောက်-မြောက်မှာ တစ်စု၊ နေပြည်တော်-တောင်ငူ-ပြွန်တန်ဆာမှာ တစ်စု ဆိုပြီး (၃) စုကို ထင်ထင်ရှားရှား တွေ့ရတယ်လို့ Psc Myanmar Off-road ဆိုပါတယ်။

 

ငလျင်တွေဟာ ကြိုတင်တွက်ချက်လို့ မရနိုင်တာကြောင့် သတိထားကာ ငလျင်နဲ့ အတူနေထိုင်တတ်ဖို့ လိုပြီး စိုးရိမ်နေဖို့ထက် ကြိုတင်ပြင်ဆင်မှုတွေဖြစ်တဲ့ အရေးကြီး စာရွက်စာတမ်းတွေ၊ ဆေးဝါးတွေ ပြင်ဆင်ထားပြီး ဖြစ်လာပါက ဘယ်နေရာမှာ မိသားစု ပြန်ဆုံမယ်ဆိုတာမျိုးတွေ သတ်မှတ်ထားဖို့ လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

 

မြန်မာ့ကမ်းရိုးတန်းအနီး ငလျင်ငယ်တွေ တောက်လျှောက် လှုပ်ခတ်နေတာကို သတိပြုသင့်ပြီး ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေကို လိုက်နာကြဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ဦးဝင်းနိုင် Facebook