ဆိပ်ဖြူမြို့အနောက်ဘက်ကရွာတွေကို စစ်အုပ်စု ဗုံးကြဲလို့ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အနောက်ဘက်က ကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
ဒီနေ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်းက ဆိပ်ဖြူမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ပိုင်းရွာ၊ ဝန်ကြီးရွာ၊ ရှားလုရွာ၊ ကျွန်းတာရွာ၊ အိုင်ကြီးရွာ၊ ဖလံမရွာနဲ့ ကျွန်းချောင်းရွာတွေကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ညပိုင်းကလည်း ပေါက်မြို့နယ်ထဲက ပန်းတောကန်ရွာ၊ ချက်ကန်ရွာနဲ့ တည်ပင်ကန်ရွာတို့ကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
“ဆိပ်ဖြူက ၇ ရွာနဲ့ ပေါက်က ၃ ရွာကို Y12 နဲ့ ဗုံးကြဲသွားတာပါ။ လူနေအိမ်တွေ ပျက်စီးပြီး သေဆုံးသူတွေ များပါတယ်” လို့ အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။
ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်ချိန် ပန်းတောကန်ရွာက အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ပန်းတောကန်နဲ့ ချက်ကန်ရွာက ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်အုပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြူတော၊ ကျအို့၊ ပေခုနစ်ပင်၊ ခင်ရှည်၊ ပန်းတောကန် (ပတောကန်)၊ တည်ပင်ကန် (တယ်ပင်ကန်)၊ မှန်ထောင်ကွင်း၊ ဖိုးဖြူလုံးကန်၊ သမားတော်၊ ယင်းမာကုန်း၊ ရေပြာတော၊ ဘုရားတောင်ရွာတို့က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဆိပ်ဖြူမြို့နယ်ကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပိုင်းရွာ၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတော၊ အိုင်ကြီး၊ ကျွန်းချောင်း၊ ဖလံမ၊ ကဇွန်းမရွာနဲ့ သုံးလံပြည့်ရွာတို့က ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု