တိုက်ပွဲများရပ်စဲရေးက ရွေးကောက်ပွဲထက် အရေးကြီးကြောင်း တရုတ် သွယ်ဝိုက်သတိပေး

Author CJ Platform
Categories
Published on Aug 15, 2025

ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးထက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးက ပိုမိုအရေးကြီးကြောင်း တရုတ်နိုင်ငံက သွယ်ဝိုက်သောနည်းလမ်းနဲ့ မြန်မာစစ်ကော်မရှင်ကို သတိပေးပြောကြားလိုက်ပါတယ်။

 

သြဂုတ်လ ၁၄ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံဘက်က အထက်ပါသဘောထားကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

 

အဲ့ဒီတွေ့ဆုံမှုမှာ ဦးသန်းဆွေက မြန်မာနိုင်ငံရဲ့ အရေးပေါ်အခြေအနေကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး၊ ဒီနှစ်နှစ်ကုန်မှာ “ဘေးကင်းလုံခြုံ၊ ချောမွေ့အောင်မြင်ပြီး ယုံကြည်စိတ်ချရသော” ရွေးကောက်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြောင်းနဲ့ တရုတ်လေ့လာသူတွေကို ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့တယ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ တုံ့ပြန်မှုကတော့  စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပရေးလုပ်ငန်းစဉ်အပေါ် အာရုံစိုက်နေတာထက်၊၊ ရွေးကောက်ပွဲကနေ ရရှိရမည့် ရလဒ်တွေကိုသာ အဓိကထား ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။

 

ဝမ်ယိက ရွေးကောက်ပွဲမှတစ်ဆင့် အဓိကရည်မှန်းချက်သုံးရပ်ကို အောင်မြင်စေလိုကြောင်း၊ ပထမဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ “ပါတီများအကြား တိုက်ခိုက်မှုများ ရပ်စဲကာ ပြည်သူ့ဆန္ဒအပေါ် အခြေခံသည့် အုပ်ချုပ်မှုဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်” ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့ပါတယ်။

 

သူ့ရဲ ပြောကြားချက်ဟာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကိုကို ဦးစွာဖြေရှင်းနိုင်ခြင်းမရှိဘဲ ကျင်းပမည့်ရွေးကောက်ပွဲဟာ အဓိပ္ပာယ်ပြည့်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံက ရှုမြင်နေတာကို ထင်ရှားစေပါတယ်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်မှု ရရှိရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဒုတိယနဲ့ တတိယအချက်တွေအဖြစ် ဝမ်ယိက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ပြန်လည်သင့်မြတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်ဆုပ်ကိုင်ပြီး၊ ပွင့်လင်းမှုနဲံ အားလုံးပါဝင်နိုင်မှုကို ထိန်းသိမ်းကာ၊ ပြည်သူလူထုထောက်ခံမှု ရရှိရေးကို အာရုံစိုက် ဖို့ကိုလည်း တရုတ်က သတိပေးခဲ့ပါတယ်။

 

စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ ကွဲလွဲပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးက  မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန