ကလေးပါမကျန် ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကြောရေးစခန်းတွေက ကျူးလွန်မှု အထောက်အထားတွေ ရရှိထားကြောင်း IIMM ထုတ်ပြန်

နိုင်ငံတကာ တရားစီရင်ရေးအတွက် အရေးပါတဲ့ အထောက်အထားတွေကို စုဆောင်းနေတဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှုယန္တရား (IIMM) က သူ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာကို မနေ့က ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက်ကတော့ ထိန်းသိမ်းရေးစခန်းတွေထဲက စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေပါ။
အရေးကြီးဆုံး အချက်ကတော့ ကလေးသူငယ်တွေကို ပစ်မှတ်ထား ကျူးလွန်မှုတွေ ဖြစ်ပါတယ်။ အတိုက်အခံလို့ သံသယရှိတဲ့ မိဘတွေကို ရှာမတွေ့တဲ့အခါ၊ အသက် နှစ်နှစ်အရွယ်ကနေ ၁၇ နှစ်အရွယ် ကလေးတွေကို ကိုယ်စားအဖြစ် ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ဒီကလေးတွေထဲက တချို့ဟာ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရတယ်လို့ IIMM က ဖော်ထုတ်ထားပါတယ်။
မျက်မြင်သက်သေ ၆၀၀ ကျော်အပါအဝင် ရင်းမြစ်ပေါင်း ၁,၃၀၀ ကျော်ဆီက ရရှိတဲ့ အချက်အလက်တွေအရ၊ ရိုက်နှက်တာ၊ လျှပ်စစ်ရှော့ခ်ပေးတာ၊ လည်ပင်းညှစ်တာ၊ အုပ်စုလိုက် မုဒိမ်းကျင့်တာနဲ့ လိင်အင်္ဂါတွေကို မီးရှို့တာလို ကြောက်မက်ဖွယ်ရာ လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။
IIMM ရဲ့ အကြီးအကဲ နီကိုလတ်စ် ခွန်ဂျန်က “ထိန်းသိမ်း စစ်ကြောတဲ့ နေရာတွေကို ကြီးကြပ်တဲ့ တပ်မှူးတွေအပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်ရာမှာ တိုးတက်မှုတွေ ရှိနေပြီး ဒီအမှုတွေကို စစ်ဆေးစီရင်ဖို့ လိုလားပြီး စီရင်နိုင်ခွင့်ရှိတဲ့ တရားရေး အာဏာပိုင်တွေနဲ့ မျှဝေဖို့ အသင့်ရှိနေပါတယ်” လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ စစ်အုပ်စုအပြင် အတိုက်အခံ လက်နက်ကိုင်အဖွဲ့ တချို့က ကျူးလွန်တဲ့ တရားလက်လွတ် ကွပ်မျက်မှုတွေရဲ့ ကျူးလွန်သူတွေကိုလည်း ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
အရပ်သားတွေ ထိခိုက် သေဆုံးစေတဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အထူးသဖြင့် လေတပ်ရဲ့ အမိန့်ပေးကွင်းဆက်တွေကိုပါ စိစစ်သုံးသပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေအတွက်လည်း စုံစမ်းစစ်ဆေးရေး လမ်းကြောင်းသစ်တစ်ခုကို စတင်လိုက်ပြီလို့ ဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ရန်ကုန်မြို့တွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်အုပ်စုက အကြမ်းဖက်ဖမ်းဆီးနေပုံ (ပုံဟောင်း)