တော်လှန်ရေးရဲ့ အကြီးမားဆုံးအခက်အခဲက တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်မှု ဖြစ်တယ်လို့ TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော် ပြော

Author CJ Platform
Categories
Published on Aug 13, 2025

စစ်အာဏာရှင် ဖြုတ်ချနိုင်ဖို့ ကြိုးပမ်းနေတဲ့ တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲက တရုတ်အစိုးရရဲ့ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကြည့်တဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုဖြစ်တယ်လို့ တအာင်းတပ်မတော် (TNLA) ဗိုလ်မှူးချုပ် တာဘုန်းကျော်က မနေ့ ဩဂုတ် ၁၂ ရက်မှာ ပြောဆိုထားပါတယ်။

 

တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသတစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်အစိုးရက ပုံစံမျိုးစုံနဲ့ ဖိအားပေးမှုတွေ ရှိခဲ့ပြီး ကုန်သွယ်ရေး ဖြတ်တောက် ပိတ်ဆို့မှုနဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့တွေကိုပါ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

လက်ရှိ တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲတွေဖြစ်တဲ့ စစ်အုပ်စု လူစိတ်ကင်းမဲ့စွာ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ၊ တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားကြည့် ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတွေ၊ တော်လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာတွေ စတဲ့ အကြောင်းအရာတွေက စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ အခက်အခဲတွေ ဖြစ်စေတယ်လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆိုပါတယ်။

 

လက်ရှိ မြေပြင်စစ်ရေးတွေမှာလည်း တရုတ်အစိုးရရဲ့ တောက်လျှောက် ဖိအားပေးမှုတွေ ရှိနေပြီး တိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ဖို့ကိုလည်း တရုတ်က ပုံစံမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း ပြောပါတယ်။

 

“ကျွန်မတို့ရဲ့ စစ်ရေးအပေါ်မှာ တရုတ်အစိုးရရဲ့ ပါဝင်မှုနဲ့ ဖိအားကတော့ တောက်လျှောက်ရှိနေပါတယ်။ လတ်တလောမှာလည်း ဒီလိုတိုက်ပွဲတွေ မဖော်ဆောင်ဖို့ တရုတ်အစိုးရက ဖိအားပေးတာမျိုးတွေ ရှိပါတယ်။ တကယ်လို့ တရုတ်အစိုးရက ဆွေးနွေးပွဲတွေခေါ်တယ်၊ တွေ့ဆုံပွဲတွေခေါ်တယ်ဆိုရင် တရုတ်အစိုးရရဲ့ ဖိအားပေးတာတွေ မလွန်ဆန်နိုင် လုပ်ဆောင်ရတာတွေ ရှိပါတယ်။ တွေ့ဆုံပွဲတွေမှာတော့ ကျွန်မတို့က အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်” လို့ အခု ဩဂုတ် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ လွေးယေဦးက သတင်းမီဒီယာတွေကို ပြန်လည်ဖြေကြားထားပါသေးတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းကလည်း တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့အတူ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ TNLA တာဝန်ရှိသူတို့ တွေ့ဆုံခဲ့သေးပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ မိုးမိတ်နဲ့ နောင်ချိုတို့ကို ပြန်လည်ပေးအပ်ဖို့ စစ်အုပ်စုက တောင်းဆိုခဲ့ပါသေးတယ်။ အခု ဩဂုတ်လ ကုန်ပိုင်းမှာ စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ TNLA တို့ ထပ်မံတွေ့ဆုံဖို့ ရှိနေပါသေးတယ်။

 

လက်ရှိမှာ နောင်ချိုမြို့ကို စစ်အုပ်စု ပြန်လည်သိမ်းယူ ထိန်းချုပ်ထားကာ နောင်ချိုမြို့ကနေ မိုးကုတ်မြို့ဘက် သွားတဲ့ လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း စစ်အုပ်စုက နေ့စဉ်နီးပါး လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – TNLA