ပြည်သူ့မေတ္တာကို အာဏာနဲ့ ဓားပြတိုက်ယူလို့ မရဘူး

Author ပြည်စိုး
Categories
Published on Aug 12, 2025

ပြည်သူ့မေတ္တာဆိုတာ အာဏာနဲ့ ဓားပြတိုက်ယူလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာကို နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်ပြီးတော့ လုပ်ဆောင်ခဲ့တဲ့ ယာယီသမ္မတဦးမြင့်ဆွေရဲ့  အသုဘခရီးက သက်သေပြခဲ့ပါတယ်။

 

ဒရုန်းဖျက်စက် (ဂျန်ပါ) တွေထောင်ထားတဲ့ စစ်သုံးယာဉ်တွေနဲ့အတူ ကျေးရွာတွေမှာ နွားစာအတွက် ထော်လာဂျီနောက်တွဲနဲ့ ကောက်ရိုးတွေ တင်သလို တင်လာတဲ့ ဦးမြင့်ဆွေရဲ့ အလောင်းဟာ နေပူပူထဲ ထီးထီးကြီး။ နာရေးလိုက်ပါပို့ဆောင်ပါတယ်ဆိုသူတွေအချို့ကလည်း ပြုံးလို့ပျော်လို့ တာဝန်ကျေ သစ်ပင်ရိပ်လေးတွေအောက်မှာ စကားတွေဖောင်ဖွဲ့ပြီး နာရေးယာဉ်တန်းကို စောင့်ဆိုင်းနေပုံက ဦးမြင့်ဆွေ ဘယ်သူဆိုတာတောင် သိကြပုံမပေါ်။

 

အလောင်းတင်ထားတဲ့ ကားတန်းလာတော့မယ်ဆိုမှ အပြေးအလွှားထွက်ပြီး လက်ပြနှုတ်ဆက်ပုံတွေလည်း တွေ့ရသေး။ ဒါဟာ နိုင်ငံတော်ဈာပနတဲ့။

 

သတင်းအချို့မှာတော့တွေ့ရသေးတယ် စစ်အုပ်စုနဲ့ နီးစပ်သူတွေပဲ လာတယ်တဲ့။ အချို့ကလည်း အအေးတိုက်မယ်၊ မုန့်ကျွေးမယ် ပိုက်ဆံပေးမယ်ဆိုပြီး ခေါ်ထားတာလို့ ဆိုကြတယ်။ ဒါဟာ အတည်မပြုနိုင်တဲ့ အကြောင်းတွေမို့ ဓာတ်ပုံတွေက ပြောတဲ့စကားကိုပဲ အခြေခံရရင် စစ်အုပ်စုရဲ့ နိုင်ငံတော်ဈာပနဟာ မြန်မာဗီဒီယိုဇာတ်ကားတွေထဲ လူယုတ်မာသေလို့ လိုက်ပို့ကြသူတွေမှက များသေးလို့ ဆိုရမလို။

 

မကြာသေးခင် ဆုံးပါးသွားရတဲ့ မန္တလေးမြို့က ပြည်သူ့အချစ်တော် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနခရီးကို မျက်လုံးထဲ ပြန်မြင်လာမိတယ်။ စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ ဒေါက်တာဇော်မြင့်မောင် မန္တလေးတိုင်းရဲ့ ဝန်ကြီးချုပ်။ အိုးဘိုအကျဉ်းထောင်အတွင်းမှာ ကျန်းမာရေးဆိုးရွားလာလို့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသစဉ် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ မနက် ၃ နာရီမှာ ကွယ်လွန်ခဲ့တယ်။ အောက်တိုဘာ ၈ ရက်နေ့မှာ ဆရာရဲ့ နာရေးကို ပြုလုပ်ခဲ့တယ်။

 

ယုတ်မာလှတဲ့ စစ်အုပ်စုက ဆရာရဲ့နာရေးပြင်ဆင်ထားတဲ့ ကျွဲဆည်ကန်နေအိမ်အနားမှာ လုံခြုံရေးတွေ ချထားပေမဲ့ ပြည်သူအများဟာ သွားရောက် ဂါဝရပြုကြတယ်။ သူတို့ကို (စစ်အုပ်စု) ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ စာလေးတစ်ကြောင်းလောက် ရေးမိရင်တောင် ဖမ်းနေချိန်မှာ ပြည်သူတွေဟာ လူကိုယ်တိုင်ကို သွားရောက် ဂါဝရပြုကြတာ။ ဆရာ့ရဲ့ နာရေး မစည်ကားဖို့ နည်းမျိုးနဲ့ လုပ်ဆောင်တဲ့ စစ်အုပ်စုဟာ နာရေးယာဉ်တန်းထွက်လာချိန်မှာတော့ လက်မှိုင်ချလိုက်ရပါတယ်။

 

နာရေးယာဉ် တောင်အင်းမြောက်အင်းသုဿန်ကိုရောက်တဲ့ အချိန်ထိ ကျွဲဆည်ကန်အိမ်အနီးကနေ ထွက်လာတဲ့ မော်တော်ယာဉ်တန်း မကုန်သေးဘူးတဲ့။ ဆိုင်ကယ်အစီးရေ နှစ်ထောင်ကျော်သတဲ့၊ ကားအစီးရေ ထောင်ချီသတဲ့၊ ပြည်သူတွေ သောင်းချီသတဲ့။ ငါတို့ ချစ်တဲ့ ဝန်ကြီးချုပ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ဆရာ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြတာများ။

 

လမ်းတလျှောက် စစ်အုပ်စုရဲ့ လုံခြုံရေးတွေအကြား မျက်ရည်များစွာနဲ့ ထိုင်ရှိခိုးကြတဲ့ ပြည်သူတွေဆိုတာလည်း မြင်ရသူမြင်ကွင်းထဲ ဆို့တက်။ နာရေးအပြန်မော်တော်ဆိုင်ကယ်တွေကို စိတ်ယုတ်မာနဲ့ စစ်အုပ်စုကဖမ်းသေး။ ဖိနှိပ်ခံထားရတဲ့ အချိန်မှာတောင် ဒါငါတို့ ဆရာဇော်ကွဆိုတဲ့ ပြည်သူတွေရဲ့ မေတ္တာ၊ စစ်အုပ်စုက နိုင်ငံတော်ဈာပနတွေ နောက်ထပ်အကြိမ်တစ်ရာလုပ်ဦး မည်သို့မျှ မမှီနိုင်။

 

မန္တလေးသားတစ်ဦးက ကြွေးကြော်တယ် ဆရာဇော့်ဈာပနကို လိုက်ပို့သူတွေကို ဖမ်းချင်ရင် မန်းမြို့ကျုံးကို ချဲ့ပစ်ပြီး ထောင်ရိုးလုပ်ပစ်မှ ဆံ့မယ်ကွတဲ့။

 

စစ်အုပ်စုရဲ့ နိုင်ငံတော်ဈာပနကြီးဆိုတာကို လူငယ်တစ်ဦးက သရော်တယ်။ မင်းတို့ အသုဘစည်ကားစေချင်ရင် ပြည်သူတွေကို တွံတွေးနဲ့ဝိုင်းထွေးခွင့်ပြုရင် ကမ္ဘာ့အစည်ကားဆုံး အသုဘတောင်ဖြစ်ဦးမယ်တဲ့။

 

ပြည်သူ့မေတ္တာဆိုတာ အာဏာနဲ့ ဓားပြတိုက်ယူလို့ မရဘူးဆိုတာ သိသင့်ပါပြီ။

 

ပြည်စိုး