အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့တဲ့ မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းကို ရေဝေးသုဿာန်သို့ ပို့ဆောင်

Author CJ Platform
Categories
Published on Jul 21, 2025

စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရရှိခဲ့တာကြောင့် အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့ရတဲ့ မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းကို ရေဝေးသုဿာန်သို့ ကူညီပို့ဆောင်ခဲ့တယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားပါတယ်။

 

အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ အင်းစိန်ဆေးရုံကြီးကနေ ရေဝေးသုဿာန်အအေးခန်းသို့ နာရေးကူညီမှုအသင်း နာယက ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနဲ့ အသင်းသူ/အသင်းသားတွေက ပို့ဆောင်ခဲ့ပြီး မနက်ဖြန် ဇူလိုင် ၂၂ရက်နေ့မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။

 

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအမှုဆောင်ဟောင်း မဝတ်ရည်အောင်ဟာ အခု ဇူလိုင် ၁၉ ရက် ည ၉ နာရီခွဲမှာ အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့တာဖြစ်ပါတယ်။ သူ့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၂(က) တို့နဲ့ နှစ်ရှည်ထောင်ဒဏ် ခုနစ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

 

အင်းစိန်ထောင်အတွင်း မဝတ်ရည်အောင် ကျဆုံးခဲ့မှုနဲ့ပတ်သက်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ မဝတ်ရည်ကို ဝမ်းနည်းကြေကွဲစွာနဲ့ အလေးနိမ့်ပြုတယ်လို့ ဒဂုံတက္ကသိုလ် ကြားကာလကောင်စီကလည်း ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်ပါးစေတစ်ခုဖြစ်တဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေဟာလည်း မဝတ်ရည်အောင် သေဆုံးမှုရဲ့ တရားခံတွေဖြစ်တာကြောင့် စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းထောက်တိုင်တွေကို ဆုံးခန်းတိုင် တော်လှန်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

 

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မဝတ်ရည်အောင်နဲ့ ကျောင်းသား ငါးဦးကို စစ်ကောင်စီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကာလအတွင်း နှိပ်စက်ညှင်းပန်းမှုဒဏ်တွေကို ခံခဲ့ရပြီး ဦးနှောက်အကြိတ်ဒဏ်ရာ၊ မကြာခဏ သတိလစ်တာ၊ တက်တာ၊ နှလုံးရပ်ရောဂါဝေဒနာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်)