အရှေ့တောင်းပိုင်းတိုင်း စစ်ဌာနချုပ် (ရတခ) ၊ စကခ (၁၉)၊ တပ်မ (၂၂) တပ်မ (၄၄) လက်အောက်ခံ ခြေလျင်ခြေမြန်နဲ့ အကူလက်ရုံးတပ်တွေရဲ့ တပ်တွင်းနေ အင်အားစာရင်းများ ပေါက်ကြားလာ

Author CJ Platform
Categories
Published on Jul 20, 2025

KNU/KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့  အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တွေရဲ့  တပ်တွင်းနေ အင်အားစာရင်းတွေ ပေါက်ကြားလာတာကို CJ Platform က လက်ခံရရှိထားပါတယ်။

ဒီစာရင်းတွေမှာ နယ်ခြားစောင့်တပ်တချို့အပါအဝင် ရတခ၊ စကခ (၁၉)၊ တပ်မ (၂၂) နှင့် တပ်မ (၄၄)  တို့ရဲ့ လက်အောက်ခံ ခြေလျင်၊ ခြေမြန်နှင့် အကူလက်ရုံးတပ် အပါအဝင် တပ်ပေါင်း ၈၅ ခုရဲ့ အဆောက်အဦစာရင်းနဲ့ တပ်တွင်းနေအင်အားစာရင်းတွေ ပါဝင်ပါတယ်။

 

တပ်တွင်းနေ အင်အား အနိမ့်ဆုံး ၁၂ ဦးသာရှိတဲ့ တပ်တွေအပါအဝင် အင်အားအများဆုံး ၅၀၀ ကျော်အထိရှိတဲ့တပ်တွေလည်းပါဝင်ပါတယ်။

တပ် ၈၅ တပ်လုံးမှာရှိတဲ့ တပ်တွင်းနေ အင်အားပေါင်းကတော့ ၁၂၃၇၇ ဦးရှိတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

 

တပ်တွင်းနေအင်အားလို့ ဖော်ပြထားတဲ့အတွက် ဒီအင်အားစာရင်းတွေဟာ စစ်ကောင်စီ အရာရှိ၊ တပ်သားတွေတင်မဟုတ်ဘဲ မိသားစုဝင်တွေပါ ပါဝင်နိုင်တယ်လို့ယူဆရပါတယ်။

ဒီစာရင်းတွေဟာ အမှတ်(၉၅၇)ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) – ဆလအခွဲ(၉၅၇) နယ်မြေအတွင်း ဆေးသုတ်ခြင်းလုပ်ငန်းဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ အဆောက်အဦးစာရင်းကောက်ယူတာကနေ တဆင့်ပေါက်ကြားခဲ့တာပါ။

 

ဒီစာရင်းတွေအရ  နယ်မြေလုံခြုံရေးကြောင့် ဆေးသုတ်နိုင်ခြင်းမရှိတဲ့ တပ်ပေါင်း ၁၀ တပ်အထိရှိတာကိုတွေ့ရပါတယ်။

စစ်ကောင်စီကနေ အချက်အလက် ပေါက်ကြားမှုတွေ မကြာခဏ ဖြစ်ပွားနေတာဟာ Cyber Security မလုံခြုံမှုကို ပြသနေပြီး အတွင်းမှာလည်း ဖရဲသီးကောင်းကောင်း ရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော် က  CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီအတွက် တကယ်ကို ကြောက်စရာ ထိုးနှက်ချက် ဖြစ်တယ်လို့လည်းသူကပြောပါတယ်။

 

” အခုလိုမျိုးအခြေအနေကတော့ ဒါ မင်းအောင်လှိုင်နဲ့ထိပ်ပိုင်းခေါင်းဆောင် အချို့ ဘယ်လိုမှကို လိမ်လည်လို့ မရတော့ဘူး အလိမ်တွေပေါ်ပြီ မင်းအောင်လှိုင်သိပြီဆိုရင်လည်း စိတ်ဓာတ်တွေကျပြီးတော့ စိတ်ဓာတ်ပဲကျမလား ဒေါသူပုန်ပဲထမလား အဲ့ဒီလိုမျိုး တယောက်နဲ့တယောက် လန့်တဲ့စိတ်တွေပေါ့ သိသွားမလား မသိပါစေနဲ့ ဖုံးမယ်ဖိမယ်ဆိုတဲ့ သူတို့ အကြီးပိုင်းဗိုလ်ချုပ်တွေရဲ့ ဝန်ထုတ်ဝန်ပိုးပေါ့နော် ကြောက်လန့်မှုပေါ့ ကြောက်လန့်မှု အရိပ်တစ္ဆေမျိုးဖြစ်သွားတဲ့ အနေအထားမျိုးအထိကြုံရမယ်လို့တော့ ကျနော်တို့က မှန်းဆပါတယ်ဗျ” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

 

CJ Platform က လက်ခံရရှိထားတဲ့ တပ်တွင်းနေအင်အားစာရင်းဟာ မေလ ၁၀ရက်နေ့ အထိ စာရင်းတွေဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မေလအထိ စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်း ဥပဒေနဲ့ စစ်မှုထမ်းအပတ်စဉ် ၁၃ အထိ ခေါ်ယူထားပြီးဖြစ်ပါတယ်။ တစ်ကြိမ်လျှင် စစ်မှုထမ်းအရေအတွက် ၅,၀၀၀ အထိ ခေါ်ယူမယ်လို့ ကြေညာထားချက်အရ စစ်သားဦးရေ ၆၅,၀၀၀ ကို အင်အားထပ်မံ ဖြည့်တင်းထားနိုင်ခဲ့တဲ့ စစ်ကောင်စီဟာ တပ်တွင်း နောက်ချန်အင်အား မရှိသလောက် နည်းပါးစွာနဲ့ ရှေ့တန်းစစ်မျက်နှာတွေကို ဖြန့်ကျက်ထားရတာကို တွေ့ရှိရပါတယ်။

 

CJ Platform က ရှိထားတဲ့ ပေါက်ကြားလာတဲ့ အချက်အလက် အသေးစိတ်စာရင်းကို အများပြည်သူလေ့လာနိုင်စေရန် အောက်ပါအတိုင်း အသေးစိတ် ဖော်ပြထားပါတယ်။