အာဇာနည်ခေါင်းဆောင်တွေကို အောက်မေ့ဂုဏ်ပြုကြောင်း အမေရိကန်၊ ယူကေနဲ့ ကင်အဲရစ်တို့ အမှတ်တရပြောကြား

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ချိန် ကျဆုံးခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင် ကိုးဦးရဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ကို အောက်မေ့ သတိရဂုဏ်ပြုကြောင်းနဲ့ မြန်မာဒီမိုကရေစီအရေးအတွက် ဆက်လက် ရပ်တည် လုပ်ဆောင်သွားမယ်လို့ အမေရိကန်နဲ့ ယူကေသံရုံးတို့က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးဖြစ်သူ ကိုထိန်လင်း (ကင်အဲရစ်) ကလည်း အဘိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားပေါင်းစုံအပါအဝင် မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ညီညီညွတ်ညွတ်နဲ့ ပါဝင်ခဲ့ကြတဲ့ အာဇာနည်တွေကိုလည်း အထူးအမှတ်ရ ဦးညွတ်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်ဖိုးဖိုး၊ မေမေနဲ့တကွ မြန်မာနိုင်ငံ လွတ်မြောက်ဖို့အတွက် အများကြီး ပေးဆပ်ပြီး တိုက်ပွဲဝင်နေကြသူအားလုံးကို အထူးလေးစားဂုဏ်ပြု ဦးညွတ်ပါတယ်။ သူတို့ အသက်၊ ဘဝတွေကို ပေးဆပ်ခဲ့တာဟာ လွတ်လပ်ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ် တည်ဆောက်ပေးတာလည်း ဖြစ်ပါတယ်” လို့လည်း ဒီနေ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အမှတ်တရ အောက်မေ့ဂုဏ်ပြု ပြောစကား ဗီဒီယိုဖိုင်ကို ကင်အဲရစ်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
အာဇာနည်ခေါင်းဆောင်တွေက ပေးဆပ် စွန့်လွှတ်ခဲ့မှုဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေးနဲ့ တရားမျှတမှုတို့ကို ကြိုးပမ်းအားထုတ်ရာမှာ လူသားအားလုံးအတွက် စိတ်ခွန်အား ဖြစ်စေတယ်လို့ အမေရိကန်သံရုံးကလည်း ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေ ရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတို့အတွက် မြန်မာပြည်သူတွေနဲ့အတူ ယူကေအစိုးရက အတူ ဆက်လက် ရပ်တည်သွားမယ်လို့ ယူကေသံရုံးက ဖော်ပြထားပြီး မြန်မာနိုင်ငံအနာဂတ် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနေချိန် အရပ်သား ပြည်သူအများအပြား သတ်ဖြတ် ခံနေရတာဟာ ဝမ်းနည်းဖွယ်ကောင်းပြီး လက်သင့် ခံနိုင်ဖွယ်မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်အတွင်း အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တက်ရောက်ခွင့် မပေးခဲ့ဘဲ နေပြည်တော်အကျဉ်းထောင်မှာ မတရား ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အာဏာသိမ်း ငါးနှစ်တာကာလအတွင်း ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ – US, UK သံရုံး၊ Kim Aris