GZA စစ်ဦးစီးချုပ်အဖွဲ့နဲ့ YDF ရဲဘော်တွေ လုပ်ကြံခံရမှုအပေါ် ချင်းညီနောင်၊ YDF နဲ့ BNRA တို့က ကန့်ကွက်ရှုတ်ချ

Author CJ Platform
Categories
Published on Jul 18, 2025

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်လုပ်ကြံမှုအပေါ် ချင်းညီနောင် (Chin Brotherhood – CB)၊ ယောကာကွယ်ရေးတပ် (YDF) နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်လာပါတယ်။

 

အခု ဇူလိုင် ၁၅ ရက်က ထီးလင်းမြို့နယ် ကဇွန်းရွာနဲ့ ယင်းမာရွာကြားမှာ Generation Z Army (GZA) စစ်ဦးစီးချုပ်အဖွဲ့နဲ့ ယောကာကွယ်ရေးတပ် (YDF) ရဲဘော်တို့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပြီး GZA ဗဟိုရုံးအဖွဲ့ဝင်တစ်ဦး၊ တပ်ရင်းမှူးတစ်ဦးနဲ့ ဆေးသူနာပြုတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

လက်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေချိန် တော်လှန်တပ်ဖွဲ့အချင်းချင်း အခုလို ပစ်ခတ်လုပ်ကြံမှုဟာ တော်လှန်ရေးအတွက် အနှောင့်အယှက် ဖြစ်စေပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းညီနောင် (CB) နဲ့ BNRA တို့က ထုတ်ပြန်ထားပါတယ်။

 

တော်လှန်ရေးပစ်ပစ်ခတ်လုပ်ကြံသူတွေထဲမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်က YDF အမှတ် (၁) အကျဉ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ ပါဝင်နေပြီး အခုဖြစ်စဉ်အတွင်း ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) တပ်ခွဲ (၇) က တပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတယ်လို့ YDF ကလည်း မနေ့ ဇူလိုင် ၁၇ ရက်မှာ အသိပေးထုတ်ပြန်ထားပြီး ကျူးလွန်သူတွေကို တရားဥပဒေဘောင်အတွင်းကနေ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် YDF အကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို ခိုလှုံခွင့်ပေးထားတဲ့ အဖွဲ့အစည်းတွေကိုလည်း YDF အနေနဲ့ မှတ်တမ်းပြုစုထားပြီး ဒေသတွင်း လူသတ်မှု၊ ထောင်ဖောက်မှု၊ တပ်ပြေးမှုတို့အပြင် စစ်စည်းကမ်းကျင့်ဝတ်နဲ့ မကိုက်ညီသူတွေကို အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့လည်း YDF က ဖော်ပြထားပါတယ်။

 

ဂန့်ဂေါခရိုင် တပ်ရင်း (၁၀) တပ်ခွဲ (၇) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG MOD က ဒီနေ့ ဇူလိုင် ၁၈ ရက်အထိ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးသလို NUG MOD ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Generation Z Army