မြန်မာရွှေ့ပြောင်းစာသင်ကျောင်း SAW ဖောင်ဒေးရှင်းအတွက် ဂျပန်အစိုးရက ကားနှစ်စီးလှူဒါန်း

Author CJ Platform
Categories
Published on Jul 18, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတစ်ခုဖြစ်တဲ့ ကလေးနဲ့ အမျိုးသမီး လူမှုစောင့်ရှောက်ရေးအဖွဲ့ SAW ဖောင်ဒေးရှင်းကို ဂျပန်အစိုးရက ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ ကားနှစ်စီး လှူဒါန်းခဲ့ပါတယ်။

 

ဘန်ကောက်မြို့ ဂျပန်သံရုံးက တာဝန်ရှိသူတွေကိုယ်တိုင် မဲဆောက်မြို့မှာရှိတဲ့ SAW ဖောင်ဒေးရှင်းစာသင်ကျောင်းကို လာရောက်ခဲ့တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းကလေးငယ်တွေ ပညာသင်ကြားရေးအတွက် အထောက်အကူဖြစ်စေဖို့ ကားနှစ်စီး လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

 

SAW ဖောင်ဒေးရှင်းစာသင်ကျောင်းက ကလေးငယ်တွေအတွက် အသုံးပြုဖို့ ကားလိုအပ်ချက်ရှိတာကြောင့် ဂျပန်အစိုးရထံ ၂၀၂၄ ခုနှစ်မှာ အကူအညီတောင်းခံခဲ့တာဖြစ်ပြီး ၂၀၂၅ ဖေဖော်ဝါရီ ၆ ရက်မှာ နှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့လည်း SAW ကျောင်းတည်ထောင်သူ မအေးအေးမာက CJ Platform ကို ပြောပါတယ်။

“ကျွန်မတို့ အကူအညီတောင်းတာက ကျွန်မတို့ဆီမှာ ကလေးတွေအများကြီးပေါ့နော်။ ဂေဟာတစ်ခုမှာဆိုရင် ကလေးပေါင်း ၁၀၀ ကျော်ရှိတယ်။ ပြီးတော့ GED တက်နေတဲ့ကျောင်းသားတွေ၊ ထိုင်းစာ ရေး၊ ဖတ်၊ ပြောတက်နေတဲ့ကျောင်းသားတွေ၊ နောက်တစ်ခါ ကွန်မြူနတီမှာဆင်းတဲ့အခါ လူထုပညာပေးလုပ်တဲ့အခါမှာလည်း ကားက လိုအပ်တယ်ပေါ့နော်။ အဲ့အတွက် ကျွန်မတို့က တောင်းလိုက်တာပါ” လို့ မအေးအေးမာက ပြောပါတယ်။

 

ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် Grassroots Human Security Project ကို ဂျပန်အစိုးရက ၁၉၈၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ ဆေးရုံနဲ့ ဖွံ့ဖြိုးမှုဆောင်ရွက်ရေးကဏ္ဍတွေကို အထောက်အပံ့အကူအညီပေးမှုတွေလည်း လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

 

ဂျပန်အစိုးရက လှူဒါန်းခဲ့တဲ့ ကားနှစ်စီးရဲ့ တန်ဖိုးဟာ ဘတ် ၂၃ သိန်းကျော်ရှိတယ်လို့လည်း မအေးအေးမာက ဆက်ပြောပါတယ်။ ကားနှစ်စီး လက်ခံရရှိခဲ့တဲ့အတွက် SAW ဖောင်ဒေးရှင်းမှာရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်အတွက် GED ပညာရေးစာမေးပွဲ ဖြေဆိုမှုနဲ့ ထိုင်းဘာသာစကား ရေး၊ ဖတ်၊ ပြော သင်ကြားမှုတွေ သွားလာရေးမှာ အသုံးပြုဖို့ ပိုမိုအဆင်ပြေစေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက် ရောက်ရှိလာတဲ့ ကလေးတွေရဲ့ ပညာရေးသင်ကြားရေးကို SAW ဖောင်ဒေးရှင်းအနေနဲ့ ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် SAW ကျောင်းကနေတဆင့် ကျောင်းဆင်းသူတွေနဲ့ တက္ကသိုလ် ဆက်လက်တက်ရောက်အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူအချို့ကလည်း ပညာရေးကဏ္ဍနဲ့ လူမှုရေးကဏ္ဍမှာ ပြန်လည်ပါဝင်ကူညီလုပ်ဆောင်ပေးနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ Platform