မှော်ဘီနှင့် ရွှေပြည်သာမြို့နယ်တွင် ဗုံးပေါက် ထိခိုက် ဒဏ်ရာရသူများရှိ

Author အောင်နိူင်သူ
Categories
Published on Oct 25, 2022

မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တွင် ယနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူအချို့ရှိသည်ဟု အဆိုပါမြို့ခံတွေဆီက သိရသည်။

မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေရှိသည်ဟု မြို့ခံတွေဆီက သိရသည်။

ရန်ကုန် ပြည်လမ်းမပေါ်တွင်ရှိသည့် မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။

“ပေါက်တာက သုံးနာရီခွဲ အသံတော့ ကြားတယ် သွားမကြည့်ရဲဘူး လူနာတင်ယာဥ်တွေလာတယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ကြားတယ်”ဟု ရှင်းပြသည်။

ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်-ပြည်လမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်တွေက ကားနှင့် ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

အလားတူပင် ရွှေပြည်သာမြို့နယ် လှော်ကားတ/၁၅ ရပ်ကွက်၊မှော်ဘီပတ်လမ်းနှင့် ဗိုလ်တိုက်ချွန်းလမ်းထောင့် အမှိုက်ပုံအနီးတွင်လည်း မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတွေ့၍ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်သိမ်းပစ်ခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“အမှိုက်ပုံမှာ ဗုံးတွေ့တာ စစ်တပ်က လာပြီး ဖောက်ခွဲပစ်တာအရင်ရက်တွေကလည်း ပစ်ခတ်တာတွေ ဗုံးပေါက်တာတွေရှိတော့ စစ်တပ် မြိုနယ်ရုံးမှာစောင့်နေတာ”ဟု ပြောသည်။

ယမန်နေ့ မနက်ပိုင်းနှင့် ညနေပိုင်းကလည်း ရွှေပြည် သာမြို့နယ် ရပ်ကွက်နှစ်ခုမှာ ပစ်ခတ်မှုနှင့် ဗုံးပေါက် ကွဲမှုဖြစ်ခဲ့ရာ အုပ်ချုပ်ရေးမှူး မိန်းမသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်း ရှိသည်။

ပြီးခဲ့သည့်ရက်တွေကလည်း ရန်ကုန်က မြို့နယ်အချို့မှာဗုံးပေါက်ကွဲမှု့ဖြစ်ခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။