ခြောက်လအတွင်း စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင်သူ ၁၅၀၀ နီးပါးရှိ

နိုင်ငံတစ်ဝန်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေဆီ ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း လက်နက်ချ အလင်းဝင်လာသူတွေနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ပေါင်း ၁၄၉၂ ဦးရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီထဲမှာ စစ်ကောင်စီတပ်သားတွေက အများဆုံး ပါဝင်ခဲ့ပြီး ခြောက်လအတွင်းမှာ ၅၀၀ ကျော်အထိ လက်နက်ချအလင်းဝင်ခဲ့ကြသလို၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေထဲမှာလည်း စစ်ကောင်စီတပ်သား ၇၇၀ ကျော်ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် (ပျူစောထီး) တွေပါ လက်နက်ချမှု၊ အလင်းဝင်မှုနဲ့ ဖမ်းဆီးခံရမှုတွေရှိနေပါတယ်။ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ စစ်မှုထမ်းတပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံထားရသူ ၂၃၀ ဝန်းကျင်လည်း ပါဝင်ကြောင်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ကုန်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ လက်နက်ချအလင်းဝင်သူနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေ ပေါင်း ၇၀၀၀ နဲ့ ၁၀၀၀၀ ဝန်းကျင်အထိရှိနေတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရေး တော်လှန်တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီအောက်မှာ တာဝန်မထမ်းချင်သူတွေ အနေနဲ့ လက်နက်ချခိုလှုံလာဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ခေါ်ယူမှုတွေ ဆောင်ရွက်နေတာဖြစ်ပြီး၊ အလင်းဝင်လာသူတွေရဲ့ လုံခြုံရေးကိုလည်း နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းကာကွယ်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – အမှတ်(၁) စစ်ဒေသရုံး
ပုံစာ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားအချို့ကို ၂၀၂၅ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။