ရိဒ်ခေါဒါရ်မြို့ကနေ CNO/CNDF တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာ

Author CJ Platform
Categories
Published on Jul 11, 2025

ချင်းပြည် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တပ်ဖွဲ့တွေ ဒီနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားပြီလို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက CJ Platform ကို အတည်ပြုပြောပါတယ်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟွာငိုးရမ်း (CDF-Hualngoram) ထိန်းချုပ်ထားတဲ့ ဟွာငိုးရမ်းဒေသ ရိဒ်ခေါဒါရ်မြို့ကို CNO/CNDF က အခုလ ဇူလိုင် ၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၅ ရက်မှာ ရိဒ်ခေါဒါရ်မြို့ကို CNO/CNDF က ထိန်းချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“သူတို့ ဒီမနက် ၅ နာရီမှာ ဆုတ်သွားကြတယ်လို့ သိရတယ်။ စစ်ရေးအနေအထားကြောင့် ဆုတ်သွားပုံရပါတယ်၊ ဆွေးနွေးညှိနှိုင်းမှုလည်း ဆက်လုပ်နေပါတယ်” လို့ ဆလိုင်းထက်နီက CJ Platform ကို ပြောပါတယ်။

 

ရိဒ်ခေါဒါရ်မြို့ဟာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ရဲ့ တပ်မဟာ ၄ နယ်မြေထဲမှာရှိပြီး CDF-Hualngoram တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုနဲ့ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။ CDF-Hualngoram တပ်ဖွဲ့ဟာ CNF/CNA နဲ့ ပူးပေါင်းထားတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

 

ချင်းလက်နက်ကိုင်နှစ်ဖွဲ့အကြား စစ်ရေးတင်းမာမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပဋိပက္ခတွေကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တောင်းဆိုထားကြပါတယ်။

 

ရိဒ်ခေါဒါရ်မြို့ကနေ CNO/CNDF တပ်ဖွဲ့ ပြန်လည်ဆုတ်ခွာသွားမှုနဲ့ ပတ်သက်ပြီး CDF-Hualngoram တပ်ဖွဲ့နဲ့ CNO/CNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတွေကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ရိဒ်ခေါဒါရ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေနဲ့ အနီးဝန်းကျင်ဒေသတွေမှာရှိတဲ့ ပြည်သူတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

 

ပုံစာ – ချင်း-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့မှာ ချင်းအမျိုးသားအလံကို ပြန်လည်စိုက်ထူနေစဉ်။