အမေရိကန်နဲ့ ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်းဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်ချင်တယ်လို့ စစ်ကောင်စီ တောင်းဆို

Author CJ Platform
Categories
Published on Jul 11, 2025

မြန်မာပို့ကုန်တွေကို ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်အစိုးရက အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက်၊ နှစ်ဖက်ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်းဖို့အတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ချင်တယ်လို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုလာပါတယ်။

 

အမေရိကန်အစိုးရရဲ့ ဇူလိုင် ၇ ရက်က ပေးပို့ထားတဲ့ အကြောင်းကြားစာကို စစ်ကောင်စီက ဇူလိုင် ၉ ရက်မှာ ပြန်လည်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်းလိုကြောင်းနဲ့ လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ကို စေလွှတ်ချင်ကြောင်း စစ်ကောင်စီက အကြောင်းပြ တောင်းဆိုထားပါတယ်။

 

ဒါ့အပြင် အမေရိကန်ကို တင်ပို့တဲ့ မြန်မာပို့ကုန်တွေကို ၄၀ ရာခိုင်နှုန်းအစား ၂၀ ရာခိုင်နှုန်းသာ ကောက်ခံဖို့ စစ်ကောင်စီက တောင်းဆိုထားသလို၊ မြန်မာနိုင်ငံကို တင်သွင်းတဲ့ အမေရိကန်ပို့ကုန်တွေကိုလည်း ၁၀ ရာခိုင်နှုန်းအောက်နဲ့ အခွန်ကင်းလွတ်ခွင့်အထိ ချိန်ညှိကောက်ခံသွားဖို့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ ပြောထားပါတယ်။

 

စစ်ကောင်စီက အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့ ပြောဆိုထားပေမယ့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) ကတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု၊ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားပြီး ရွေးကောက်ခံ ဒီမိုကရေစီအစိုးရ မူလနေရာ ပြန်လည်ရောက်ရှိမှသာ သံခင်းတမန်ခင်း ဆက်ဆံရေးကို ပြန်လည်လုပ်ဆောင်မယ်လို့ ၂၀၂၁ မတ်လ ၂၉ ရက် ထုတ်ပြန်ထားပါတယ်။

 

လာမယ့် ဩဂုတ် ၁ ရက်မှာ အမေရိကန်ရဲ့ ကုန်သွယ်စည်းကြပ်ခွန် တိုးမြှင့်မှု စတင်အသက်ဝင်မယ့် နိုင်ငံတွေထဲမှာ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဆားဘီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘော့စနီးယား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ ဂျပန်တို့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-SAC