စစ်ကောင်စီက အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများအတွက် ထိုက်သင့်သည့် တုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဟု CJDC ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 25, 2022

အကြမ်းဖက် စစ်ကောင်စီက အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများအတွက် ထိုက်သင့်သည့် တုန့်ပြန်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းလက်နက်ကိုင် တော်လှန်ရေး ၁၈ ဖွဲ့ ပူးပေါင်းထားသည့် Chinland Joint Defence Committee က အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၃ ရက် ည ၈နာရီ ၃၀ မိနစ်အချိန်၌ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ဒါတွင် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ အကြိုတေးဂီတဖျော်ဖြေမှု ပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများ၊ အနုပညာရှင်များ KIA အရာရှိ ရဲဘော်များ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရပြီး ခန့်မှန်းသေဆုံးမှု ၇၀နှင့် ထိခိုက်ဒဏ်ရရရှိသူ ၁၀၀ ကြားရှိခဲ့သည်။

အရေးနိမ့်နေသည့် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်အားကိုးပြီး သရဲဘောကြောင် လုပ်ရပ်ဖြင့် မြန်မာနိုင်ငံတ၀န်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ်များ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေးအဆောက်အအုံများဖျက်ဆီးခြင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုမျိုးစုံကိုကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး ဒဏ်ရာရရှိသူများအတွက် အမြန်ဆုံးဆေးကုသမှုများ ဆေင်ရွက်ရန် တိုက်တွန်းပြီး ထိုက်သင့်သည့် တုန့်ပြန်မှုများဆောင်ရွက်သွားမည်ဖြစ်ကာ ကချင်ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း Chinland Joint Defence Committee က ထုတ်ပြန်ထားသည်။