ကလောမှာ ခိုးပြေးလာတဲ့ စုံတွဲ ကားတိုက်ခိုက်ခံရပြီး ဇနီးလောင်းဖြစ်သူ သေဆုံး

Author CJ Platform
Categories
Published on Jun 25, 2025

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ကမ်းပါးနီကျေးရွာအုပ်စု သရက်ပုကျေးရွာ အနီး အောင်ပန်း-တောင်ကြီးလမ်းမှာ ဇွန်လ ၂၄ရက်နေ့ ည ၈နာရီခန့်က Townace မော်တော်ယာဉ်တစ်စီးနဲ့ ဆိုင်ကယ်တစ်စီးတို့ တိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ အောင်ပန်းမြို့ နာရေးကူညီမှုအသင်းဆီက သိရပါတယ်။

သရက်ပုကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအနီးမှာ ယာဉ်မောင်း ကိုဇော်မျိုးအောင် မောင်းနှင်လာပြီး မမြသီတာ စီးနင်းလိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို Townace အဖြူရောင် မော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ချိန် ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ မမြသီတာဟာ ကားနဲ့ ပေသုံးဆယ်ခန့်ထိ ချိတ်ပါသွားပြီး နေရာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကယ်ယာဉ်မောင်း ကိုဇော်မျိုးအောင်ကတော့ ရင်ဘက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး Townace မော်တော်ယာဉ်ကို မောင်းနှင်လာတဲ့ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ကိုဇော်မျိုးအောင်နဲ့ သေဆုံးသူ မမြသီတာတို့ဟာ ချစ်သူတွေဖြစ်ကြပြီး ခိုးရာလိုက်ပြေးကြရာကနေ အခုလို ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – နာရေးကူညီမှုအသင်း(အောင်ပန်း)