မြန်မာ့ကလေးငယ်များအတွက် ဘေးကင်းရာ ဘယ်မှာလဲ

Author AT
Categories
Published on Jun 22, 2025

လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကျေးရွာအနီး ရာဘာခြံတစ်ခြံရဲ့ ခြုံနွယ်အတွင်း မိန်းမကိုယ်နဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ သေဆုံးနေတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို လူအများက ဝိုင်းအုံကြည့်နေကြပါတယ်။

 

အသက် ၅ နှစ်သာရှိသေးတဲ့ အဲဒီကလေးငယ်ဟာ မိခင်ဖြစ်သူက သူ့ရဲ့အစ်ကိုကို ကျောင်းပို့ဖို့ အိမ်နီးချင်းတွေဆီ ခေတ္တအပ်နှံခဲ့ရာကနေ ဒီလိုရင်နင့်ဖွယ် အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

 

တစ်ရွာထဲနေ စွပ်စွဲခံရသူ ကိုဇင်လင်းထိုက်ဆိုသူက အိမ်နီးချင်းတွေ အိပ်ပျော်နေစဉ်မှာ ကလေးငယ်ကို ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့ ပြည်တွင်းသတင်းဌာနတွေမှာ သတင်းတွေ ဖော်ပြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ နိုင်ငံရေးပဋိပက္ခနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ ဘယ်လောက်တောင် မလုံခြုံတော့လဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

 

လှည်းကူးဖြစ်စဉ်လိုပဲ မြန်မာနိုင်ငံတစ်ဝန်းမှာ မလုံခြုံတဲ့ လူမှုအသိုက်အဝန်းထဲ အဓမ္မပြုကျင့်ခံရပြီး ကြွေလွင့်ခဲ့ရတဲ့ ကလေးငယ်ပေါင်းများစွာ ရှိနေပါတယ်။

 

လက်လှမ်းမီသလောက် စုဆောင်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အစောပိုင်းကနေ လက်ရှိအချိန်အထိ အသက် ၂ နှစ်ကနေ ၁၆ နှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၁၀ မှုကျော် ဖြစ်ပွားခဲ့ပါတယ်။

 

မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ အချက်အလက်တွေအရလည်း ၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းနဲ့ ကရင်နီ (ကယား) ပြည်တို့မှာ အသက် ၅ နှစ်ကနေ ၁၈ နှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၂၃ မှု ဖြစ်ပွားခဲ့ပါတယ်။

 

ဒါဟာ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်သာဖြစ်ပြီး လက်တွေ့မှာ ဒီထက်မက ပိုမိုများပြားနိုင်တယ်လို့ BWU ရဲ့ တွဲဖက်အတွင်းရေးမှူး မဝေဝေက ပြောပါတယ်။

 

နိုင်ငံရေးပဋိပက္ခနဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာမှုတို့နဲ့အတူ မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ အိမ်နဲ့ကျောင်းတို့လို နေရာမျိုးမှာတောင် လုံခြုံမှုကင်းမဲ့လာကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းမှုတွေ ပိုမိုမြင့်တက်လာနေပြီး၊ သူတို့ကို ကာကွယ်ဖို့ ထိရောက်တဲ့ ဥပဒေရေးရာနဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ လိုအပ်နေပါတယ်။

 

ယခုနှစ် ဧပြီလထဲမှာဖြစ်ပွားခဲ့တဲ့   မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းဝါးတောလမ်းက သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်ခံရတဲ့ ကလေးငယ်ဟာ အသက် ၁ နှစ် ၈ လသာ ရှိပါသေးတယ်။

 

မိဘတွေ မရှိတဲ့အချိန်မှာ ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်ပြီးနောက် သေဆုံးပြီအထင်နဲ့  အိမ်အနောက်ဘက် ရေမြောင်းထဲမှာ သွားစွန့်ပစ်ထားခဲ့တာပါ။

 

ကံကောင်းစွာနဲ့ပဲ အဆိုပါကလေးငယ်လေးဟာ အသက်ရှင်ခဲ့ပေမယ့်၊ သူ့ရဲ့ဘဝအတွက် ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေ ကျန်ရှိနေနိုင်တာကြောင့် နောင်မှာ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ၊ နွေးထွေးတဲ့ ဂရုစိုက်မှုတွေနဲ့ ပြန်လည် ထူထောင်ပေးဖို့ အထူးလိုအပ်တယ်လို့ စိတ်ပိုင်းဆိုင်ရာဆွေးနွေးအကြံပေးမှုတွေ ပြုလုပ်နေသူတဦးက ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ လိင်ပညာပေး (Sex Education) အားနည်းတာက သက်ငယ်မုဒိမ်းလိုမျိုး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာစေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုပါ။

 

ကျူးလွန်သူတွေဟာ ကလေးတွေ၊ လူငယ်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာအသိပညာ၊ ဗဟုသုတမရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပိုခက်ခဲတယ်ဆိုတဲ့အချက်ကို အသုံးချကာ ကျူးလွန်ကြတာဖြစ်တယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

 

ဒါ့အပြင် ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့လည်းမြန်မာ့လူ့အဖွဲ့အစည်းမှာ ‘အကြမ်းဖက်ခံရသူကပဲ အပြစ်ရှိတယ်’ လို့ ပြောတဲ့ (victim-blaming) ယဉ်ကျေးမှုကြောင့် ထုတ်ဖော်ပြောဆိုဖို့အတွက် ခက်ခဲနေကြတာပါ။

 

အမျိုးသမီးအရေး ဆောင်ရွက်နေသူ မငယ်ငယ်က “အပြစ်ပုံချခံရတော့ ကျူးလွန်ခံရတဲ့ ကလေးငယ်လေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်မှုတွေ၊ လူမှုရေး ဖိအားတွေပါ ပြင်းပြင်းထန်ထန် ခံစားရတယ်။ ဒါက သူတို့ ဘဝကို ပြန်ပြီး တည်ဆောက်ဖို့ ပိုခက်ခဲသွားစေတယ်။ ဒီလိုမျိုး တရားမျှတမှု မရှိတဲ့ အခြေအနေက ကလေးငယ်တွေရဲ့ အနာဂတ်ကိုပါ ဆိုးရွားစွာ ထိခိုက်စေတာပါပဲ”လို့ ပြောပါတယ်။

 

Save the Children နဲ့ UNICEF တို့ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေအပေါ် အဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှု အပါအဝင် အကြမ်းဖက်မှုတွေဟာ အနည်းဆုံး ၂ ဆကျော် မြင့်တက်လာတာ တွေ့ရပါတယ်။

 

ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို ပြန်ကြည့်ရင် အများစုဟာ အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေ၊ ကလေးနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ စတဲ့ ထင်မှတ်မထားတဲ့သူတွေက ကျူးလွန်ခဲ့ကြတာပါ။

 

ယခုနှစ် ဇန်နဝါရီလတုန်းကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ဆရာက အသက်၇နှစ်ကနေ ၁၅နှစ်အတွင်း ကျောင်းသား၄၈ဦးကို အဓမ္မပြုကျင့်ခဲ့ပါသေးတယ်။

 

သက်ငယ်မုဒိမ်းမှုဆိုတာ မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ပြဿနာမဟုတ်ဘဲ လူ့အသိုက်အဝန်းထဲမှာ ကြာရှည်စွာ လှိုက်စားနေခဲ့တာပါ။

 

လက်ရှိအချိန်မှာ ကလေးသူငယ်တွေရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှုဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပြီး ကလေးငယ်တွေ ပျောက်ဆုံးမှု၊ သေဆုံးမှု သတင်းတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပလူပျံနေပါတယ်။

 

BWU ရဲ့ တွဲဖက်အတွင်းရေးမှူး မဝေဝေက “အခုချိန်မှာ ဥပဒေအားနည်းတာအပြင် တရားစီရင်ရေး ယန္တရားက ပျက်ယွင်းနေတယ်။ ဒီအချက်အလက်တွေကပဲ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် သက်ငယ်မုဒိန်းမှုတွေ ပိုပြီး ဖြစ်ပွားစေတာမျိုးဖြစ်တယ်” လို့ ထောက်ပြခဲ့ပါတယ်။

 

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြင်ဆင်ပြဋ္ဌာန်းချက်အရ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ မှာ အသက် ၁၂ နှစ်အောက်နဲ့ မသန်စွမ်းအမျိုးသမီးတွေအပေါ် အဓမ္မကျူးလွန်သူတွေကို အနည်းဆုံး ထောင်ဒဏ် ၂၀ နှစ်ကနေ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

 

နိုင်ငံအများစုမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေအပေါ် အဓမ္မပြုကျင့်သူတွေကို သေဒဏ်ပေးလေ့ရှိပေမယ့်  မြန်မာနိုင်ငံမှာတော့ အမြင့်ဆုံး ထောင်ဒဏ်တစ်သက်သာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တာပါ။

 

ဒါပေမဲ့ ဒီနှစ်မှာ အပြစ်ပေးစီရင်မှု အပြောင်းအလဲတချို့ ရှိလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ဦးကို တောင်ငူခရိုင်တရားရုံးက သေဒဏ်ကြိုးမိန့် ပေးခဲ့ပါတယ်။

 

ဒီလို သက်ငယ်မုဒိန်းမှုကို သေဒဏ်ပေးတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ CDM တရားသူကြီးတစ်ဦးက ပြောပါတယ်။

 

အဲဒီနေ့မှာပဲ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်ရာဒေသမှာ မိန်းကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်ပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်ခဲ့တဲ့ တရားခံတွေကိုလည်း သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီလို အပြစ်ပေးအရေးယူမှုတွေဟာ သက်ငယ်မုဒိန်းမှု ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်ရင် အဆမတန် နည်းပါးနေပါသေးတယ်။ ဒါကြောင့်လည်း ကလေးတွေရဲ့ ဘေးကင်းလုံခြုံမှုဟာ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်ခံနေရပြီး စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပြီလို့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

 

ဒီလိုအခြေအနေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ မုဒိမ်းမှုဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားဖို့နဲ့ ကျူးလွန်ခံရတဲ့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကုစားပေးဖို့ လိုအပ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။

 

အဓိကအားဖြင့်တော့ သက်ငယ်မုဒိန်းမှုကို လျော့ကျစေဖို့အတွက် ကျူးလွန်သူတွေကို အမြင့်ဆုံး ပြစ်ဒဏ်တွေ ထိထိရောက်ရောက် ချမှတ်ပေးဖို့ လိုတယ်လို့ ဥပဒေပညာရှင်တွေနဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

 

CDM တရားသူကြီးတစ်ဦးက “ဥပဒေစိုးမိုးမှု မရှိဘူး။ အုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က ပြည်သူတွေကို သတ်ဖြတ်နေတာဆိုတော့ မကောင်းတဲ့သူတွေအတွက်တော့ သူတို့လုပ်ချင်ရာလုပ်ဖို့ ပါမစ်ရတယ်ဆိုပြီး ပြစ်မှုတွေကို ဥပဒေမဲ့ ကျူးလွန်နိုင်ဖို့ ဖြစ်လာတာပေါ့” လို့ မှတ်ချက်ပြုပါတယ်။

 

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတချို့မှာလည်း ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ မပေးနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ များသောအားဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေပြီး သက်ငယ်မုဒိန်းမှု ဖြစ်စဉ်တွေဟာလည်း ဖြေရှင်းဖို့ ခက်ခဲတဲ့ ပဟေဠိသဖွယ် ဖြစ်လို့နေပါတယ်။

 

ဒါကြောင့် ကိုယ့်အိမ်အသိုက်အမြုံမှာနေရင်း ကြွေလွင့်ခဲ့ရတဲ့ လှည်းကူးက ကလေးငယ်လို ကလေးမျိုးတွေ ထပ်တိုးမလာဖို့အတွက် ဘေးကင်းလုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှုကို လူမှုအသိုက်အဝန်းက ဖန်တီးပေးနိုင်ဖို့ ရှင်ကျန်ရစ်သူတွေကတော့ တောင်းတနေကြပါတယ်။

 

BWU ရဲ့ တွဲဖက်အတွင်းရေးမှူး မဝေဝေက “အခုလက်ရှိအနေအထားမှာတော့ အချင်းချင်းပဲ လက်တွဲပြီးတော့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေအတွက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့ လိုတယ်” လို့ အကြံပြုခဲ့ပါတယ်။