BPLA အပတ်စဉ် (၉) စစ်သင်တန်းဆင်းပွဲကို NUG အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ တက်ရောက်

Author CJ Platform
Categories
Published on Jun 21, 2025

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က တအာင်းပြည်တစ်နေရာမှာ ကျင်းပခဲ့ရာ၊ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ခဲ့တယ်လို့ BPLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တအာင်းတပ် TNLA ထိန်းချုပ်ရာနေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်သင်တန်းဆင်းပွဲကို NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ပလောင်ပြည်လွတ်မြော်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်ဘီထူး၊ အာရက္ခတပ်တော် (AA) မှ တပ်မှူးတစ်ဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ဦးစီးချုပ်နဲ့ အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

တော်လှန်ရေး မဟာမိတ်ခေါင်းဆောင်တွေဟာ တော်လှန်ရေးအောင်မြင်ဖို့ မတူညီတဲ့ အင်အားစုတွေကြား ညီညွတ်ဖို့နဲ့ ဟန်ချက်ညီညီရှိပါက စစ်အာဏာရှင်ကို အမြန်ဆုံး အဆုံးသတ်မယ်လို့ အဓိကထား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

သင်တန်းဆင်းပွဲအတွင်း လက်ဖြောင့်ဆုရရှိသူ အမျိုးသမီးရဲမဖြစ်ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသွားခဲ့ရတဲ့ ရဲဘော် အောင်ပိုင်ရဲ့ ညီမဖြစ်တယ်လို့လည်း အမှတ် (၂၀၃) စစ်ဒေသ ဗျူဟာမှူးက ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ဗျူဟာမှူးက သင်တန်းဆင်းသူတွေကို လက်နက်တပ်ဆင်ပေးခဲ့ပြီး အမှတ် (၂၀၃) စစ်ဒေသအတွင်းမှာလည်း တပ်ရင်းအသစ်တစ်ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းပြီးဖြစ်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – BPLA