ကားလမ်းတွေ အသုံးပြုမရတဲ့အတွက် တီးတိန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေ

ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကားလမ်းတွေ အသုံးပြုလို့မရတော့တဲ့အတွက် မေလကုန်ကတည်းက ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီး၊ ကုန်စျေးတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ကနေ စစ်ကောင်စီတပ်ဟာ အင်အား ၅၀၀ ကျော်နဲ့ မေလ ၁၉ ရက်နေ့က စတင်ပြီး ကလေး–သိုင်းငင်း ကားလမ်းတလျှောက် တီးတိန်မြို့နယ်ကို စစ်ကြောင်းထိုးလာခဲ့ပြီးနောက် ကားသမားတွေက စိုးရိမ်မှုကြောင့် ကားမထွက်ကြတော့ဘဲ ကုန်သွယ်မှု ရပ်တန့်သွားခဲ့ပါတယ်။
“ဆန်၊ ဆီ၊ ဆား၊ ငပိ စတဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်နေပြီး ရှိတဲ့နေရာတွေမှာလည်း စျေးမြင့်နေတယ်။ လိုသလောက် ဝယ်လို့ မရတော့ဘူး” လို့ အသက် ၄၅ နှစ်အရွယ် တီးတိန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကြောင်း မလာခင်က တီးတိန်မြို့နယ်မှာ ဆန်ကြမ်းတစ်အိတ်ကို ၁ သိန်းကျပ်နဲ့ ဝယ်ယူနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ တစ်အိတ် ၁သိန်း၃ သောင်းကျပ်နဲ့ ဝယ်နေရပြီး လိုသလောက် ဝယ်ယူလို့မရဘူးလို့ သိရပါတယ်။
ကလေး–သိုင်းငင်း ကားလမ်းတလျှောက်ရှိ ကျေးရွာတွေမှာလည်း ဆန်နဲ့ အခြေခံစားသောက်ကုန် ပြတ်လပ်မှု ပိုမိုဆိုးဝါးလာတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“အဲဒီရွာတွေက မြို့နဲ့ ဝေးလွန်းလို့ပါ။ စစ်ကြောင်းတွေဝင်လာတာကြောင့် ရွာသားတွေက တောတောင်ထဲ ထွက်ပြေးနေရတယ်။ တချို့ကတော့ ဆန်မရလို့ တောထဲက သီးနှံတွေကို ရှာဖွေစားနေရတယ်” လို့ မွှလ်ပီရွာက အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
ကလေး–သိုင်းငင်း ကားလမ်းမှာ စစ်ကောင်စီတပ်တွေရှိနေတာကြောင့် ဖမ်းဆီးခံရမှုကို စိုးရိမ်ကြရတာမို့ ကားသမားတွေ မထွက်ရဲကြဘူးလို့လည်း သိရပါတယ်။
“အဖမ်းခံရမလား စိုးရိမ်ကြရတဲ့အတွက် အခုချိန်ထိ ကားမထွက်ကြသေးဘူး” လို့ တီးတိန်မြို့နယ်က ကားသမားတစ်ဦးက ပြောပါတယ်။
တီးတိန်မြို့နယ်အတွက် ကုန်ပစ္စည်းတွေကနေ ကလေး–သိုင်းငင်းနဲ့ ခိုင်ကမ်း–တီးတိန် ကားလမ်းတို့ကနေ ဝင်လာလေ့ရှိပေမယ့် စစ်ကောင်စီ စစ်ကြောင်း ဝင်လာပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကားမထွက်နိုင်တော့ဘဲ၊ ကားလမ်းနှစ်ခုစလုံးကိုလည်း နှစ်ဖက်အဖွဲ့တွေက ပိတ်ထားကြတယ်လို့ သိရပါတယ်။
ပုံစာ – တီးတိန်မြို့တွင်း နာရီစင်ကို တွေ့ရစဉ် (ဓာတ်ပုံ – လူမှုကွန်ရက်)