ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ သံရုံးတွေတောင်းဆို

ရန်ကုန်အခြေစိုက် နိုင်ငံတကာသံရုံးတွေနဲ့ ဥရောပသမဂ္ဂ (EU) တို့က ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့အတွက် ဂုဏ်ပြုဓာတ်ပုံတွေကို ဖော်ပြခဲ့ပြီး သူမကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဥရောပသမဂ္ဂ EU အပြင် အမေရိကန်၊ ယူကေ၊ ဆွစ်ဇလန်၊ ဆွီဒင်၊ ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန် စတဲ့ နိုင်ငံတကာ သံရုံးတွေဟာ နှင်းဆီပါ ဂုဏ်ပြုဓာတ်ပုံတွေနဲ့အတူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ဖို့ တောင်းဆိုလိုက်ကြတာပါ။
အမေရိကန်သံရုံးက “ဤနှစ်မှာသူမရဲ့ ငါးကြိမ်မြောက် အကျဉ်းထဲက မွေးနေ့ဖြစ်ပါတယ်။ သူမနဲ့အတူ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများကိုလည်း ပြန်လွှတ်ဖို့၊ စစ်အာဏာရှင်တွေက အကြမ်းဖက်မှု ရပ်စဲဖို့ တောင်းဆိုပါသည်” ဟု ပြောကြားထားပါတယ်။
နော်ဝေသံရုံးကလည်း သူမ၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လူမှုကွန်ရက်စာမျက်နှာမှာ Profile Picture ပြောင်းထားပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပါ” ဟု တောင်းဆိုထားပါတယ်။
သံရုံးအများစုက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုထားတဲ့ ဂုဏ်ပြုပုံတွေ၊ ဆုတောင်းစာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ထားကြပြီး ဇွန်လ ၁၉ ရက် မွေးနေ့ရောက်တိုင်း ဒီလိုပဲ နှစ်စဉ်ဂုဏ်ပြုဖော်ပြလေ့ရှိကြပါတယ်။