ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကန္နားစုကျေးရွာမြေ တစ်ဝက်ခန့် မြစ်ထဲပါသွား

Author CJ Platform
Categories
Published on Jun 19, 2025

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ကန္နားစုကျေးရွာမှာ ဇွန်လ ဆန်းပိုင်းကစတင်ကာ မြစ်ကမ်းပါး ထပ်မံပြိုကျနေတာကြောင့် နေထိုင်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဘဝိုင်းကျေးရွာအုပ်စု၊ ကန္နားစုရွာခံတွေဟာ နှစ်စဉ်မြစ်ကမ်းပါးပြိုကျတာတွေကြောင့် ပြောင်းရွှေ့နေရတာတွေ ရှိနေပြီး၊ အခုနှစ်မှာလည်း မြစ်ကမ်းပါး ဆက်လက်ပြိုကျနေလို့ နေအိမ်တွေကို ဖျက်ထားရပြီး နေထိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

 

“ဘယ်သူမှ ကူညီတာမရှိဘူး။ အကူအညီက လုံးဝကင်းမဲ့နေတာ။ ရွာတစ်ဝက်လောက်က ကုန်သွားပြီ။ ဒီတိုင်း ဆက်ပြိုရင် ရွာက ကုန်ခါနီးလောက် ဖြစ်ပြီ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကန္နားစုရွာခံတွေအနေနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရောက်နေထိုင်နေရပြီး တချို့ကတော့ ငွေကြေးရှာဖွေကာ ဘေးလွတ်ရာ ကျေးရွာတွေမှာ နေအိမ်ဝယ်ယူနေထိုင်ကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

 

မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်ဖျက်ထားရသူတွေအနေနဲ့ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကိုလည်း စိုးရိမ်နေရကြောင်း ပြောပါတယ်။

 

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ယခင်မြစ်ကမ်းပါးပြိုကျစဉ်မှာ တစ်အိမ်ထောင်ကို တစ်သိန်း ထောက်ပံ့ပေးတာရှိခဲ့ပေမယ့် အခုအခါမှာတော့ ထောက်ပံ့မှုမရှိတော့ဘူးလို့ သိရပါတယ်။

 

“အုပ်ချုပ်ရေးပိုင်းကတော့ အရင်ကလည်း ဘာမှ ထိထိရောက်ရောက် လုပ်ပေးတာ မရှိတော့ဘူး။ အရင်တာဘေးကို ပြောင်းဖို့ နေရာပေးထားတဲ့ အိမ်တွေတောင် နှစ်စဉ် မြေနေရာကြေး ပေးရမယ် ဆိုပြီး ပြောထားတာ” လို့ ဘဝိုင်းကျေးရွာအုပ်စုက ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရန်ကုန်–ပုသိမ် ကားလမ်းအနီးရှိ ကန္နားစုကျေးရွာဟာ ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ တည်ရှိပြီး တဆက်တစပ်တည်းရှိတဲ့ မြင်းကဒေါင်ကျေးရွာကလည်း ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ မြစ်ကမ်းပါးပြိုကျတာကြောင့် ကျေးရွာတစ်ရွာလုံး နီးစပ်ရာကို ပြောင်းရွှေ့လိုက်ရပါတယ်။

 

ညောင်တုန်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်တွေ ရေထဲမျောပါခဲ့ရသလို ပြောင်းရွှေ့လိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဝန်ကြီးတွေက ငယ်ရွာကြီးတွေရဲ့ ကမ်းပါးပြိုကျမှုကို လာရောက်ကြည့်ရှုခဲ့ပေမယ့် ပန်းတနော်မြို့နယ်က ကျေးရွာတစ်ခုဖြစ်တဲ့ ကန္နားစုမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကိုတော့ မလာရောက်ကြတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်