ဖားကန့်က မှော်စီစာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတဝိုက်က ဒေသခံတွေ တိမ်းရှောင်နေရ လက်နက်ကြီးထိလို့ ဒေသခံတစ်ဦး သေဆုံး

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာက တောင်ပေါ်ကျောင်းဝန်းကျင်မှာ ဇွန်လ ၁၇ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မှော်စီစာကျေးရွာက တောင်ပေါ်ကျောင်းမှာ စစ်ကောင်စီက အထိုင်ချတပ်စွဲထားတာဖြစ်ပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“အကုန်ရှောင်တာတော့ မဟုတ်ဘူးပေါ့။ မှော်စီစာရွာကလည်း ကြီးတယ်လေ။ ဘေးလွတ်မယ်ထင်တဲ့သူတွေတော့ မရှောင်ဘူးပေါ့၊ တချို့လည်း မနက်က ရှောင်သွားပြီး ပြန်တာရှိတယ်။ တိုက်ပွဲဖြစ်တဲ့အနီးဝန်းကျင်ပဲ ရှောင်နေကြတာပါ” လို့ ဖားကန့်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ဒေသခံတွေပိတ်မိခဲ့ပေမယ့် လက်ရှိအချိန်မှာ တိုက်ပွဲတွေ ရပ်တန့်သွားပြီ ဖြစ်သလို ကျေးရွာအတွင်း လမ်းမကြီးပေါ်တွေမှာလည်း သွားလာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်က မှော်စီစာကို စစ်ကောင်စီတပ်ဖွဲ့တွေ မေလကုန်ပိုင်းက ဝင်ရောက်လာခဲ့ပြီးနောက် ဒေသခံပြည်သူ ၃၀ ဝန်းကျင်နဲ့ ဒဏ်ရာရရှိသူ ၂၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ကျောက်လုပ်ကွက်တွေရှိ စက်ယန္တယားတွေနဲ့ အဆောက်အဦအချို့ကို မီးရှို့ခဲ့သလို ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်မှုလို့ မသိရဘဲ အကြောင်းမဲ့ သေဆုံးသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ – Tarlin Mg