ဖားကန့်မှာ ဒေသခံတွေ အကြောင်းမဲ့ သတ်ဖြတ်ခံနေရ

Author CJ Platform
Categories
Published on Jun 16, 2025

ကချင်ပြည် ဖားကန့်မြို့နယ်မှာ ဒေသခံတွေ အကြောင်းမဲ့ သတ်ဖြတ်ခံနေရပြီး ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာလည်း သေဆုံးနေတဲ့ အမျိုးသားတစ်ဦးနဲ့ ဒဏ်ရာတွေနဲ့ လဲကျ အကူအညီ တောင်းခံနေသူတစ်ဦးကို လူမှုရေးအဖွဲ့တွေက ကူညီပေးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လုံးခင်းကျေးရွာအုပ်စု အမှတ် (၅) ရပ်ကွက် ရှမ်းမလေးကွမ်းယာဆိုင်ရှေ့မှာ သွေးအိုင်ထဲ လဲကျ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးနဲ့ အောင်ရာကျေးရွာ မူကထဆိုင်ရှေ့မှာ ဒဏ်ရာနဲ့ လဲကျကာ အမျိုးသားတစ်ဦး အော်ဟစ် အကူအညီ တောင်းခံနေတာကို အနီးဝန်းကျင်နေထိုင်သူတွေက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့ကြရတယ်လို့ သိရပါတယ်။

 

“အကူအညီ တောင်းနေသူကိုတော့ လူမှုကူညီရေးအသင်းက ခေါ်ဆောင်သွားပါပြီ။ သူတို့ရုံးကို ခေါ်ဆောင်သွားတာပါ။ သေဆုံးသူကိုတော့ ရုံးနားက သုဿန်မှာ နေရာချထားလိုက်တယ်” လို့ ဖားကန့် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဘယ်အဖွဲ့အစည်းက လုပ်ဆောင်မှုလို့ မသိရဘဲ ယခုရက်ပိုင်းအတွင်းမှာ အကြောင်းမဲ့သေဆုံးသူတွေ ပိုများလာခဲ့ပြီး ဖားကန့်မြို့ရဲ့ အခြေအနေဟာ ရှုပ်ထွေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ၁၂ ရက်နေ့ကလည်း မှော်စီစာလမ်းဆုံမှာ အိမ်ခြေရာမဲ့ သုံးဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ကျူးလွန်သူတွေကိုတော့ မသိရှိရတာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံမှု မရှိတော့ဘဲ စိုးရိမ်ပူပန်နေကြရပါတယ်။

 

စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ် (SNA) ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှော်စီစာကနေ အောင်သာယာ၊ တောင်ယာကုန်းကျေးရွာလမ်းကြောင်းအတိုင်း ဖားကန့်ကို စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၆ ဦးကို သတ်ဖြတ်ခဲ့သလို ဇွန်လ၁၃ ရက်နေ့ကလည်း မှော်ဝမ်းရပ်ကွက် အထက ကျောင်းဝန်းအတွင်း ညှင်းပန်း နှိပ်စက် အသတ်ခံထားရသူ သုံးဦးကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒါ့အပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ အခြေချနေထိုင်တဲ့ တောင်ယာကုန်းကျေးရွာမှာ ရေကန်တစ်ခုအတွင်း လက်ပြန်ကြိုးတုပ် ဒဏ်ရာဒဏ်ချက်များစွာနဲ့ သေဆုံးနေသူ သုံးဦးကိုလည်း တွေ့ရှိတယ်လို့ သိရှိရပါတယ်။

 

“လက်ပြန်ကြိုးတုပ်ပြီး ဒဏ်ရာဒဏ်ချက် များစွာနဲ့ သေဆုံးသူတွေလည်း ရှိနေပါတယ်” ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက မေလကုန်ပိုင်းကစတင်ကာ ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်လာပြီး ကျောက်လုပ်ကွက်တွေရှိ ကားတွေကို မီးရှို့ဖျက်စီးတာ၊ ယမ်းသိုလှောင်ရုံတွေကို ဗုံးကြဲဖောက်ခွဲတာအပြင် ဒေသခံတွေကို ဖမ်းဆီး နှိပ်စက်နေပြီး အခုရက်ပိုင်းအတွင်းမှာတော့ ဒေသခံတွေကိုပါ သတ်ဖြတ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – Tarlin Mg

 

Related News

Depend on news