လယ်သမားတွေ အကြွေးကင်းဖို့ ၂နှစ်အတွင်း လုပ်ပေးမယ်လို့ ဦးခင်ရီမဲဆွယ်နေ

လယ်သမားတွေဘဝ တိုးတက်ရေးနဲ့ ကြွေးမြီကင်းရှင်းဖို့အတွက် ၂ နှစ်အတွင်းမှာ ဆောင်ရွက်ပေးမယ်ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက တောင်သူလယ်သမားတွေကို မဲဆွယ်ပြောကြားပါတယ်။
နေပြည်တော်ကောင်စီ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စု အောင်သာကျေးရွာမှာ ဇွန်လ ၁၂ရက်နေ့က ပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဦးခင်ရီက အခုလို ပြောကြားလိုက်တာဖြစ်ပြီး အဲဒီ တွေ့ဆုံပွဲကို သာစည်ကျေးရွာ၊ အောင်သာကျေးရွာ၊ မြဂနိုင်ကျေးရွာ၊ ဗောဓိမြိုင်ကျေးရွာ ပါတီဝင်တွေ တက်ရောက်တယ်လို့ သိရပါတယ်။
“ပါတီရဲ့ ပြည်သူကို ပေးတဲ့ ကတိကဝတ်မှာ ဘာထည့်ထားလဲ ဆိုတော့ မြန်မာ့တောင်သူလယ်သမားဘဝ မြင့်မားတိုးတက်ရေးနဲ့ ကြွေးမြီသံသရာမှ လွတ်မြောက်ရေး ဆိုတဲ့အချက်ကို ၂ နှစ်အတွင်း ဆောင်ရွက်ပေးမယ်လို့ ထည့်ရေးထားတယ်။ အဲဒါ ရမ်းရေးတာမဟုတ်ဘူး”လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်ရီက ပြောပါတယ်။
ဒါ့အပြင် ဦးခင်ရီက သူကိုယ်တိုင်ဟာ လယ်သမား သားသမီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ပါတီဟာ အခု အစိုးရမဟုတ်သေးပေမဲ့ အစိုးရဖြစ်လာရင် လုပ်ဆောင်ဖို့အတွက် ရေးဆွဲထားတဲ့ လုပ်ငန်းတွေထဲမှာ လယ်သမားတွေအတွက် သွင်းအားစုစျေးနှုန်းတွေ လျှော့ချပေးဖို့နဲ့ အခွန်ကင်းလွတ်ခွင့်တွေပေးဖို့ စပါးကို နယ်ကျော်ရောင်းချခွင့်တွေ ရရှိဖို့ လုပ်ဆောင်ပေးမယ်လို့ပါ မဲဆွယ်ပါသေးတယ်။
၂၀၁၀ခုနှစ် ပြည်ခိုင်ဖြိုးပါတီ အစိုးရဖြစ်စဉ်ချိန်က ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ လယ်ဆည်ဝန်ကြီးဖြစ်လာသူ ဦးမြင့်လှိုင်ဟာ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်းက ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်က လယ်သမားတွေနဲ့ တွေ့ဆုံစဉ်မှာ အကြွေးမဆပ်နိုင်တဲ့ လယ်သမားတွေ အကြွေးကျေအောင် ထမင်းတစ်နပ်လျှော့စားကြဖို့ ပြောကြားဖူးပါတယ်။
“ဈေးကွက်စနစ် ကြားထဲမှာ ဆင်းရဲမွဲတေမှုကို ဖြစ်စေတဲ့ အကြောင်းအရာအချက်တွေကို အကုန်လုံး စုပြီးတော့ ဒါကို ၂နှစ်အတွင်း အပြီးဖြေရှင်းပေးမယ်လို့ ကျွန်တော်တို့က ရေးထားတယ်”လို့ ဦးခင်ရီက ဆိုပါတယ်။
လက်ရှိမှာ စပါးစျေးတွေ ဆက်တိုက်ကျဆင်းနေပြီး တောင်သူတွေမှာ စပါးဝယ်လက်မရှိတာကြောင့် အခက်တွေ့နေရပြီး မိုးစပါးရာသီစတင်လာပေမဲ့ စိုက်ပျိုးဖို့ကိုတောင် အခက်ခဲဖြစ်နေရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလအတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောကြားထားအပြီးမှာ ပြည်ခိုင်ဖြိုးပါတီက နယ်ဒေသတွေမှာ လူထုတွေ့ဆုံပွဲဆိုပြီး ပါတီဝင်တွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ – USDP