လားရှိုးလဝကရုံးမှာ ကိုယ်ရေးအထောက်အထားပြုလုပ်လိုသူတွေနဲ့ စည်ကား၊ ထောက်ခံစာတွေ ဈေးကြီးပေးနေရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) မှာ ကိုယ်ရေးအထောက်အထား ပြုလုပ်လိုသူတွေနဲ့ စည်ကားလျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အသစ်လျှောက်ထားသူ၊ လဲလှယ်သူ၊ ပျောက်ဆုံးပြန်ထုတ်လိုသူတွေနဲ့ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆) မှာ မွေးတိုးထည့်လိုသူ၊ အသစ်ပြုလုပ်လိုသူတွေနဲ့ စည်ကားနေတာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ဖြစ်တော့ ပြေးလွှား၊ ပျောက်ကုန်၊ ပျက်ကုန်တာတွေ ပြန်ထုတ်နေကြတာ။ တချို့လဲ တခြားမှာ အလုပ်သွားလုပ်ဖို့ အသစ်လုပ်ကြတယ်။ သန်းခေါင်စာရင်းလဲ အဲလိုပဲ မွေးတိုးထည့်ကြတာတွေ၊ အိမ်ထောင်ခွဲတာတွေနဲ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပြုလုပ်ရာမှာ လဝကရုံးကို ပိုက်ဆံအခကြေးငွေ ပေးဆောင်ရတာမျိုး မရှိပေမဲ့ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာတွေယူရာမှာ တခြားသောဒေသတွေထက် သုံးပုံနှစ်ပုံခန့် ပိုမိုပေးဆောင်နေရတာတွေလဲ ရှိနေပါတယ်။
အခြားဒေသတွေမှာ သန်းခေါင်စာရင်း မွေးတိုးထည့်ဖို့ ကျောင်းထောက်ခံစာ အလကားရပေမဲ့လည်း လားရှိုးမှာ ၁၀,၀၀၀ ကျပ်ပေးရကြောင်း၊ မှတ်ပုံတင်ပြုလုပ်ဖို့ ရဲစခန်း/ရပ်ကွက် ထောက်ခံစာယူရာမှာလည်း တခြားဒေသတွေမှာ ၁,၀၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်သာပေးရသော်လည်း လားရှိုးမှာ ၁၀,၀၀၀ ကျပ်အထိ ပေးဆောင်ရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ပြုလုပ်ဖို့လိုအပ်တဲ့ စာရွက်တွေကို မိတ္တူကူးရာမှာလဲ ၁၀,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ်အထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။
လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးရုံးကို စစ်ကောင်စီ ပြန်ဝင်ပြီး တစ်လဝန်းကျင်အကြာ မေလ ၁၉ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုယ်ရေးအထောက်အထားတွေ ပြုလုပ်တာတွေကို ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စတင်ကာ လားရှိုးမြို့က MNDAA တပ်ဖွဲ့ဝင်တွေဟာ တရုတ်အစိုးရရဲ့ ဖိအားနဲ့ မြို့စွန့်ခွာ ဆုတ်ပေးခဲ့ရပြီးနောက် ဧပြီလ ၂၂ ရက်နေ့ကနေ စတင်ပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။
စစ်ကောင်စီ ပြန်ဝင်ပြီး ၂ လဝန်းကျင်အကြာ၊ လက်ရှိမှာတော့ လားရှိုးမြို့က အစိုးရအဆောက်အဦတွေဖြစ်တဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ရပ်ကွက်ရုံး၊ ရဲစခန်း၊ ဘဏ်နဲ့ စည်ပင်ဌာနတွေကို ပြန်ဖွင့်လှစ်ခဲ့ပြီး ယခုလအတွင်းမှာပဲ လားရှိုးလေဆိပ်ကို ထပ်မံဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဓာတ်ပုံ – CJ