ရွှေပြည်သာမြို့နယ်တွင် ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူ၏မိန်းမသေဆုံးပြီး သုံးဦးဒဏ်ရ

Author ကိုအောင်
Categories
Published on Oct 24, 2022

ရွှေပြည်သာမြို့နယ် ရပ်ကွက်နှစ်ခုတွင် ယနေ့ နေ့လယ်ပိုင်းနှင့် နံနက်ပိုင်းက ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အုပ်ချုပ်ရေးမှူး၏ မိန်းမဖြစ်သူသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ရွှေပြည်သာမြို့နယ် အမှတ် ၂၇ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ယနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှု့ဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှူးဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ရုံးက တံခါးသော့ခတ်ထားတာ သံဇကာအပေါက် လေးကနေ ပစ်သွားတာ အုပ်ကြီးမိန်းမသေတယ် အုပ်ကြီးကလည်း အခြေအနေမကောင်းဘူး”ဟု ပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများကို မဂ်လာဒုံစစ်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်တွေက ၂၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

အလားတူပင် ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက် ဘုရင့်နောင်လမ်းတွင် ယနေ့ နံနက်ရှစ်နာရီက သတင်းပေးဒလန်ဟု ဒေသခံများဆိုသူသူလင်မယားနှစ်ဦး၏ ကွမ်းယာဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“မနက်က ဗုံးပေါက်တဲ့ ကွမ်းယာဆိုင်က လင်မယားက ဒဏ်ရာသိပ်မရဘူး ဆေးရုံကတောင်ပြန်လာပြီ ကွမ်းယာဆိုင်တော့ ပိတ်ထားတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရန်ကုန်က မြို့နယ်အချို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။