မကွေးအကျဉ်းထောင်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ကျဉ်းတွေကို ခုချိန်ထိ တရားမဲ့ပြုလုပ်နေ

Author CJ Platform
Categories
Published on May 27, 2025

မကွေးတိုင်း မကွေးအကျဉ်းထောင် (ဒေါင်းနေထောင်) မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က တော်လှန်ရေးအင်အားစုတွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို တရားမဲ့ ပြုလုပ်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

မကွေးမြို့နဲ့ ရေနံချောင်းသွားတဲ့ လမ်းမဘေးရှိ ဒေါင်းနေထောင်နဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၅) ရဲတပ်ရင်းတို့ တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တယ်လို့ ထောင်အာဏာပိုင်တွေက စွပ်စွဲပြီးနောက် နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ကို မြေမြင်ပေါ်မှာ ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

 

“ထိခိုက်ဒဏ်ရာရပြီးမှ စိုးရိမ်ရတဲ့ လူနာ ၅ ဦးရှိတယ်လို့ သိရှိထားရပါတယ်။ ထောင်ဝင်စာပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ၅၀ လောက်ရှိပါမယ်ဗျ။ သောက်သုံးရေမသန့်ရှင်းတဲ့ ပြသနာလည်း ကြုံနေကြရပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။

 

ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများရဲ့ ခါး၊ ခြေထောက်နဲ့ တင်ပါးတွေမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေ ရှိနေသေးတဲ့အပြင် သေနတ်ဒဏ်ရာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ထောင်အာဏာပိုင်တွေအနေနဲ့ ဒဏ်ရာရရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးကုသမှုပိတ်ပင်ထားတဲ့အပြင် ထောင်ဝင်စာလည်း ပိတ်ထားကာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို တိုက်ပိတ်ပြစ်ဒဏ် ခတ်ထားတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

 

“ပစ်ခတ်ကြတာတော့ သိတယ်။ သတင်းက ဖုံးထားတဲ့အတွက် တရားဝင်မသိရဘူး။ ပစ်ဒဏ်တိုက်မှာလည်း လူ ၂၀၀ မဆံ့ပါဘူး။ လျှောက်ပြောနေတာပါ၊ တိုက်က အဲဒီလောက် မဆံ့ပါဘူး။ ထောင်ဝင်စာပိတ်တာတော့ ဖြစ်လောက်တယ်” လို့ မကွေးအကျဉ်းထောင်အကြောင်း သိရှိသူ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မကွေးအကျဉ်းထောင် (ဒေါင်းနေထောင်) မှာ သောက်သုံးရေသန့်ရှင်းမှု မရှိတာကြောင့် ငွေကြေးတတ်နိုင်သူတချို့က အကျဉ်းထောင်အတွင်း ရောင်းချတဲ့ သောက်ရေသန့်ကို ဈေးကြီးပေး ဝယ်သောက်နေရသလို ငွေကြေးမတတ်နိုင်သူတွေကတော့ အကျဉ်းထောင်က ပေးတဲ့ မသန့်ရှင်းတဲ့ သောက်ရေကိုသာ သောက်သုံးနေကြရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တိုက်ပိတ်ပြစ်ဒဏ်ခံနေရသူတွေအနေနဲ့ သောက်သုံးရေအခက်အခဲရှိနေတဲ့အပြင် သုံးရေအသုံးပြုလျှင်ပင် အိမ်သာရေနဲ့သာ ချိုးရေသုံးရေအဖြစ် အသုံးပြုနေကြရတာဖြစ်တယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

“ပြစ်ဒဏ်တိုက်ခန်းပေါင်း ၅၀ လောက်ရှိတဲ့ မကွေးအကျဉ်းထောင်မှာ တစ်ခန်းကို လူ ၅ ယောက်လောက်ထားမယ်ဆိုရင် ၁၀ ခန်းဆိုရင်ပဲ ၅၀ ဖြစ်နေပါပြီ။ တိုက်ပိတ်ပြစ်ဒဏ်မှာ တစ်ယောက်တည်း တစ်ခန်းထားတာရှိသလို တိုက်ခန်းတစ်ခန်းကို ၃ ဦးကနေ ၅ ဦးကြား ထားတာရှိသလို တခါတလေ ၇ ဦးအထိ ထားတာမျိုးလည်း ရှိပါတယ်” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အကျဉ်းထောင်ဝန်ထမ်းရဲ့ ပြောဆိုချက်ကို ပြန်လည်ချေပ ပြောဆိုပါတယ်။

 

မကွေးအကျဉ်းထောင် (ဒေါင်းနေထောင်) အာဏာပိုင်တွေအနေနဲ့ အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် တရားမဲ့စွာ ပြုလုပ်နေတာဟာ လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေကို အခွင့်ကောင်းယူကာ လူသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျူးလွန်နေတာဖြစ်လို့ ထောင်အာဏာပိုင်တွေ အနေနဲ့ ကိုယ်တိုင် ပြုလုပ်ခဲ့တာတွေကို အပြည့်အဝ တာဝန်ယူရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ –  Google