ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ်က ဂိတ်နှစ်ခုမှာ ငွေတောင်းကြမ်းနေတာကြောင့် ကားသမားတွေ အခက်အခဲဖြစ်နေ

ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ်ဖြစ်တဲ့ ပန်တိုင်က စစ်ဆေးရေးဂိတ်နှစ်ခုမှာ အခုမေလအတည်းက စတင်ကာ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို စစ်ဆေးမှုတွေ တင်းကြပ်ပြီး ငွေတောင်းခံနေတာကြောင့် ဂိတ်ဖြတ်ဖို့ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ကားဆရာတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧရာဝတီတိုင်းအဝင်အထွက်ဂိတ် (ပန်တိုင်ဂိတ်) နဲ့ ရန်ကုန်အဝင်အထွက်ဂိတ် (ပန်တိုင်ဂိတ်သစ်) နှစ်ခုက ခရီးသည်တင်ကားတွေနဲ့ ကုန်ပစ္စည်းတင်လာတဲ့ ယာဉ်ငယ်တွေကို တင်းကြပ်စွာ စစ်ဆေးပြီး ငွေတောင်းခံနေသလို၊ ကုန်တင်ကားတွေကိုလည်း သွင်းကုန်လိုင်စင် အကြောင်းပြ ငွေတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ဒဏ်ရိုက်တာမျိုးတော့ မရှိဘဲ သူတို့တောင်းတာ ကျေနပ်အောင်ပေးမှ သွားခွင့်ရတယ်။ နယ်စပ်ကဝင်သမျှတွေက ဟိုဘက်မှာ ပေးကမ်းပြီး လွတ်လာပေမယ့် ဒီဂိတ်တွေမှာ ပေးမဖြတ်တော့ဘူး။ ဒီလထဲက စတင်ပြီး တင်းကြပ်လိုက်တာ” လို့ ကုန်တင်ကားမောင်းနှင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ကုန်တင်ကားတွေက သယ်ဆောင်လာတဲ့ ပစ္စည်းတွေထဲ အချိုမှုန့်ပါရင်တောင် ဖြတ်ခွင့်မပေးတော့ဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်ဝေခံစစ်ဆေးရေးအဖွဲ့ဝင်တွေက ကုန်တင်ကားထဲက ကုန်ပစ္စည်းတွေကို ဖောက်ဖွင့်စစ်ဆေးနေပြီး၊ သွင်းကုန်လိုင်စင် မပြနိုင်ပါက ငွေမတန်တဆ တောင်းခံကာ မပေးနိုင်ပါက ပေးမဖြတ်တော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ရန်ကုန်က အပြန် ကုန်မပါတဲ့ ကုန်တင်ကားတွေကို အကြောင်းပြချက် မပေးဘဲ စစ်ဆေးရေးဂိတ်မှာ ထားခိုင်းပြီး ကားမောင်းသူတွေကို လိုင်းကားနဲ့ ပြန်လွှတ်လိုက်တာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ခရီးသည်ယာဉ်တွေကိုလည်း တင်းကြပ်စွာ စစ်ဆေးနေပြီး၊ ခရီးသည်တွေရဲ့ မှတ်ပုံတင်ကိုပါ အကြောင်းအမျိုးမျိုး ပြကာ ငွေတောင်းခံတာတွေလည်း ပြုလုပ်နေတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“အကုန်စစ်တာ။ မှတ်ပုံတင်၊ ထောက်ခံစာပါရင်တောင် တချို့က စမတ်ကတ်မပါလို့ ဆိုပြီး တစ်ယောက် ၅၀၀၀ ပေးရတယ်။ မှတ်ပုံတင်မှာ ပုံပျက်နေရင်လည်း ၅၀၀၀ ပေးရတာပဲ” လို့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဧရာဝတီ-ရန်ကုန်အစပ်မှာရှိတဲ့ ဂိတ်နှစ်ခုမှာ အိမ်စီးကားတွေထဲ မွတ်စလင်လူမျိုးတွေ ပါလာပါက အကြောင်းအမျိုးမျိုး ပြကာ ငွေတောင်းခံတာတွေရှိသလို၊ ကျန်တဲ့အိမ်စီးကားအများစုကိုတော့ စစ်ဆေးတာ သိပ်မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ခရီးစဉ်တလျှောက်လုံး ယခင်တစ်သိန်းဝန်းကျင်သာ ကုန်ကျတဲ့ ဂိတ်ကြေးငွေဟာ အခု ၄ သိန်း ၇ သောင်း လောက် ကုန်ကျနေတာကြောင့် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ဖို့ ဝန်လေးနေတယ်လို့ မီးသွေးတင်ဆောင် ပို့နေတဲ့ ကုန်တင်ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်-ဧရာဝတီပြေးဆွဲနေတဲ့ စားသောက်ကုန်တင်ယာဉ်အပါအဝင် လိုက်ထရက်ယာဉ်ငယ်တွေကိုပါ စစ်ဆေးမှု တင်းကြပ်လိုက်ပြီး မော်တော်ယာဉ်လုပ်ငန်းလိုင်စင်ကို အကြောင်းပြကာ နည်းလမ်းအမျိုးမျိုးနဲ့ ငွေတောင်းခံနေတယ်လို့ သိရပါတယ်။
“ရီစရာတွေလည်း ကြုံရတယ်ဗျာ။ စားသောက်ကုန်လိုင်စင်နဲ့ CP ကြက်တွေ တင်လာရင်လည်း ဖမ်းတာပဲ။ ‘ကြက်က စားစရာ’ ဆိုပြီး ပြောရင်လည်း မရဘူး။ ကွမ်းသီးတင်တာလည်း စားသောက်ကုန်ထဲ အကျုံးမဝင်ဘူးတဲ့။ CP ကြက်သားပေါက် ရန်ကုန်ကနေတင်ပြီး ပြန်ရင် FDA စာရွက်ကအစ ပြနိုင်ရတယ်” လို့ ကုန်တင်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပန်တိုင်ဂိတ်နှစ်ဂိတ်ကို ဖြတ်သန်းရာမှာ ကုန်တင်ယာဉ်တွေဟာ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပြည့်စုံနေလျှင်တောင် တစ်ဂိတ်ကို ကျပ် ၁၀,၀၀၀ ဝန်းကျင် ကုန်ကျသလို၊ ယာဉ်အခြေအနေနဲ့ တင်လာတဲ့ ပစ္စည်းပေါ်မူတည်ပြီး ငွေပေးရတာမျိုးရှိတယ်လို့ သိရပါတယ်။
ပန်တိုင်ဂိတ်မှာ ယာဉ်ထိန်းဂိတ်အပါအဝင် စစ်တပ်ဂိတ်၊ ရဲဂိတ်၊ စရဖဂိတ် စသည့် ငွေတောင်းခံနေရာ (၄) ခုရှိပြီး၊ ရန်ကုန်အထွက်ဂိတ်မှာတော့ ငွေပေးရတဲ့နေရာ (၃) ခုရှိနေပါတယ်။ ယာဉ်မောင်းတွေကတော့ ရန်ကုန်အထွက်ဂိတ်က ပိုကြမ်းတယ်လို့ ပြောကြပါတယ်။
အဲဒီ စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ကျဝန်ထမ်းတွေအပြင် တစ်နေ့ကို တစ်သောင်းကျပ်နဲ့ ခေါ်ထားတဲ့ နေ့စားသမားတွေပါ စစ်ဆေးနေပြီး၊ ငွေတောင်းတဲ့သူတွေထဲမှာ ယူနီဖောင်းဝတ်ထားသူတွေထက် အရပ်ဝတ်နဲ့ နေ့စားသမားတွေက ပိုပြီး အာဏာပြမှုရှိတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ယူနီဖောင်းနဲ့ကောင်တွေကမှ မျက်မှန်းတန်းမိရင် သက်သာသေးတယ်။ နေ့စားတွေတာ ဆက်ဆံရေးမကောင်းတဲ့အပြင် ဟောက်သေးတာ သူတို့ကပိုးဆိုးနေတာ။ အရပ်ဝတ်တွေနဲ့က ဂိတ်တိုင်းရှိတယ်” လို့လည်း ပြောပါတယ်။
အဲဒီလို အကြောင်းအမျိုးမျိုး ပြဖမ်းတဲ့နေရာမှာ ငွေမပေးမချင်း ဖြတ်ခွင့်မရှိဘဲ၊ သူတို့ကျေနပ်လောက်အောင် ပေးမှသာ ဖြတ်သန်းခွင့်ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – pro-SAC