မြင်းခြံခရိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ အထိုင်စခန်းကို ဒရုန်းနဲ့တိုက် သေဆုံးသူရှိ

Author CJ Platform
Categories
Published on May 26, 2025

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံကျေးရွာရှိ စစ်ကောင်စီ အထိုင်ချ တပ်စခန်းနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး) ရှိရာနေရာတွေကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က မြောင်ဒရုန်းတပ်ဖွဲ့ (Myaung Drone Force MDF) ပူးပေါင်းတပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်တချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDF တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီ အထိုင်ချစခန်းနဲ့ ဂျန်ဘာစက်များ ထားရှိရာနေရာတွေကို Myaung Drone Force MDF ပူးပေါင်းတပ်ဖွဲ့က Fixed Wing အမျိုးအစား ဒရုန်း ၉ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

 

“ ကျွန်တော်တို့က ဒရုန်း ၁၀ စင်းနဲ့ ပစ်မှတ်ပွိုင့်ကို ၃ ပွိုင့် ခွဲပြီးချခဲ့တာပါ။ ဂျန်မာမိရင် ဒရုန်းတွေ ရုန်းရအောင်လိုမြေပြင် တိုက်ခိုက်မှုတချို့လည်း လုပ်ခဲ့ပါတယ် “ လို့ မြောင်ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကျားခင်စိန်က CJ Platform ကိုပြောပါတယ်။

 

လေကြောင်းနဲ့တိုက်ခိုက်ရာမှာ ဆက်သွယ်ရေး ကင်းထောက်ဒရုန်းတစ်စင်းအပြင် Fixed Wing အမျိုးအစား ဒရုန်း ၉ စင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သူမက ဆက်ပြောပါတယ်။

 

Myaung Drone Force MDF ပူးပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များနဲ့ ပြန်လည်ခတ်ခဲ့ပေမဲ့ ပြည်သူ့စစ်(ပျူစောထီး) တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တဲ့အပြင် အများအပြားဒဏ်ရာရရှိကာ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဆုံကျေးရွာမှာ စစ်ကောင်စီထောက်ခံသူ အများအပြားနေထိုင်ပြီး ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ခန့်ရှိတဲ့အပြင် စစ်ကောင်စီ အထိုင်စခန်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီးပါးရှိတယ်လို့ သိရပါတယ်။

 

ဆုံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့တွေဟာ ရိက္ခာပြတ်လပ်ပါက အနီးဝန်းကျင်ရှိ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး လိုရာကို ယူသွားကြတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

အခုလေကြောင်းတိုက်ခိုက်မှုကို Myaung Drone Force M.D.F တပ်ဖွဲ့နဲ့အတူ မဟာမိတ်များဖြစ်ကြတဲ့ ယင်းမာပင် ခရိုင် တပ်ရင်း (၃၅) ၊ တပ်ရင်း (၁၇ )၊ NPDF  ယင်းမာပင်၊ ငါန်းဇွန်တိုက်နယ်-၁ ပကဖ၊ Peacock Drone Team (Myaung)၊ အားမန်သစ် (ငါန်းဇွန်)၊ Revolutionary Air Force (Myaung)၊ 925 (ငါန်းဇွန်)နဲ့ ဧရာမမြွေပွေး (ငါန်းဇွန်) တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီး တော်လှန်ရေးတပ်ဖွဲ့အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

မြောင် ဒရုန်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း မြင်းခြံမြို့ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Fixed Wing Drone ၆ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

 

စစ်ကောင်စီက မေလကုန်အထိ အပစ်အခတ်ရပ်ဆဲရေးကာလတိုးမြှင့်ထားပေမဲ့ အရပ်သားပြည်သူတွေရှိရာနေရာတွေ ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တော်လှန်ရေးဒရုန်းတပ်တွေအနေနဲ့လည်း လေကြောင်းကနေ ပြန်လည်ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ဆက်လက်ပြီးလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတွေရှိရာ နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေဦးမှာဖြစ်တယ်လို့ M.D.F တာဝန်ခံ ကျားခင်စိန်က CJ Platform ကိုထပ်မံပြောကြားပါတယ်။

 

ဓာတ်ပုံ – Myaung Drone Force