ဖားကန့်မြို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူအများအပြားသေဆုံးခဲ့ရမှုအတွက် ၀မ်းနည်းရပြီး၊ စစ်ကောင်စီသည် စစ်ရာဇ၀တ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း CRPH ထုတ်ပြန်
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက်စစ် ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူအများအပြားသေဆုံးခဲ့ရသည့်အတွက် ၀မ်းနည်းရပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းကို ရှုတ်ချကာ၊ စစ်ကောင်စီမှ စစ်ရာဇ၀တ်မှုများကို ဆက်တိုက်ကျူးလွန်ကြောင်း CRPH က ယနေ့ နေ့လည် ၂နာရီ ဆယ် မိနစ်၌ ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၃ ရက် ည ၈နာရီ မိနစ် ၃၀ အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ကျင်းပနေသည့် KIO အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲသို့ စစ်ကောင်စီမှ တိုက်ခိုက်ရေးလေယာဉ် ၃စီးဖြင့် ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်ခဲ့ခြင်းကြောင့် အနုပညာရှင်များအပါအ၀င် ကချင်တိုင်းရင်းသား ပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ အများအပြားရှိကြောင်း၊ လူမဆန်သည့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစု၀င်များ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ၀မ်းနည်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ် တပ်သည် ယင်းတို့ကို ဆန့်ကျင်သူများနှင့် တိုင်းရင်းသားအင်အားစုများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ပြီး သတ်ဖြတ်တိုက်ခိုက်လျက်ရှိသည့် အပြင် အရပ်သား ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက်ရှိသည်မှာ အထက်ပါဖြစ်ရပ်များက သက် သေခံလျက်ရှိသည်ဟု CRPH ကဆိုသည်။
ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှု နောက်ပိုင်း ချင်း၊ ကရင်၊ ရခိုင်၊ စစ်ကိုင်းနှင့် ကချင် တို့တွင် လေကြောင်းအင်အား အသုံးပြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဆက်တိုက်ကျူးလွန်လုပ် ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် နိုင်ငံအသိုက်အ၀န်းက မြန်မာပြည်သူများအပေါ် အကာကွယ်ပေးရန် တာ၀န်ပျက်ကွက်မှုနှင့် နိုင်ငံတကာ ရာဇ၀တ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက် လူသတ်စစ်တပ်အပေါ် အရေးယူရန် ပျက်ကွက်နေမှုများကြောင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေသည့် မြန်မာပြည်သူများသည် ရက်စက်သော သတ်ဖြတ်မှုများကို နေ့စဉ်ကြုံတွေ့နေရသည်ဟု CRPH က ထုတ်ပြန်သည်။
စစ်ကောင်စီမှ အရပ်သားပြည်သူများအပေါ် ပစ်မှတ် ထား တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပြီး ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့ခေါင်းဆောင် များအနေဖြင့် မြန်မာပြည်သူများ၏ အသက်နှင့် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးရန်၊ ရာဇ၀တ်မှု ကျူးလွန်သူများကို အမြန်ဆုံး အရေးယူနိုင်ရေးအတွက် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် CRPH ကတောင်းဆိုထားသည်။