ရန်ကုန်မြို့တွင် ပြည်သူတစ်ဦး အာဟာရပြတ်ကာ သေဆုံးမှုဖြစ်ပွား

Author မေ
Categories
Published on Oct 24, 2022

ရန်ကုန်မြို့၌ အိမ်ခြေမဲ့ နေထိုင်သူ တစ်ဦး အာဟာရပြတ်ကာ သေဆုံးခဲ့မှု အောက်တိုဘာ ၂၃ရက်က ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၂၃ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ လင်းစဒေါင်းအနီး ဓမ္မာရုံတစ်ခု၌ အိမ်ခြေမဲ့ နေထိုင်သူ အမျိုးသားတစ်ဦး အာဟာရပြတ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင် အရွယ်ရှိပြီး ၎င်း ဓမ္မာရုံအနီး၌ နေထိုင် ကာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့် အတူ ရန်ကုန် စည်ပင်မှ ထုတ်ပေးသည့် အနှေးယာဉ်မောင်းနှင်သည့် လိုင်စင်တစ်ခုလည်း တွေ့ရပြီး တစ်ဦးတည်း ပျံကျနေထိုင်သူဟုလည်း ပတ်ဝန်းကျင်မှ ပြောကြားကြသည်။

” သူက ဓမ္မာရုံနားမှာ တစ်ဦးတည်း ပျံကျနေတာပါ။ ဒီနားက အလုပ်တွေရှိရင်လည်း ကူလုပ်ပေးရင်း ဒီနားက လူတွေက သူ့ကို ခင်ကြတယ်။ ဒီတိုင်းဘဲ နေရင်းနဲ့ အာဟာရပြတ်ပြီး သေဆုံးသွားတာပါ။ အရင်က အလုပ်ကြမ်းတွေ လုပ်ခဲ့ရတဲ့ ဒဏ်တွေ၊ ရောဂါဖြစ် လာတော့လဲ ဆေးဝါးကုသမှု လုံလောက်စွာ မခံယူရတာတွေ၊ အစာအာဟာရလည်း ပြည့်ဝစွာ မစားရတာတွေကြောင့် အခုလိုဘဲ အားပြတ်ပြီး သေဆုံးရတာ ” ဟု ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အိမ်ခြေမဲ့နေထိုင်သော သေဆုံးသူ ပိုင်ရှင်မဲ့ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ စီးပွားရေး မပြေလည်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အိမ်ဌားရမ်းကာ နေထိုင်ရန်ပင် ခက်ခဲလာသူ များစွာရှိလာသည်။ ထိုသို့ ခက်ခဲလာမှုကြောင့် လမ်းဘေး ၌ပင် ကြုံသလို အိမ်ခြေမဲ့ နေထိုင်ကာ ဝမ်းရေးအား အဆင်ပြေသလို ဖြေရှင်းနေရသူ များစွာလည်း ရှိလာခဲ့သည်။ လမ်းဘေး၌ အိမ်ခြေမဲ့ နေထိုင်ရမှုကြောင့် ရာသီဥတုဒဏ်အား ဆိုးရွားစွာခံရခြင်းနှင့် အစာအာဟာရအား လုံလောက်စွာ မစားရမှုတို့ ဖြစ်ပေါ်ကာ လမ်းဘေး၌ပင် သေဆုံးသည့် အိမ်ခြေမဲ့များ ရှိလာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်ကလည်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားမှတ်တိုင်၌ အိမ်ခြေမဲ့နေသူ အမျိုးသားတစ်ဦး သွေးအန်သေဆုံးမှု ဖြစ်ပွားခဲ့သည်။