စစ်ကိုင်းမှာ စာသင်ကျောင်းအပြိုအပျက်တွေကြား ယာယီစာသင်ကျောင်းတွေ အမြန်ဆောက်နေ ခိုင်ခန့်မှုနည်းပါးတာကြောင့် ကျောင်းသားမိဘတွေ စိုးရိမ်

ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက စာသင်ကျောင်းအပြိုအပျက်တွေကို မရှင်းလင်းရသေးဘဲ ယာယီစာသင်ကျောင်းတွေ အမြန်တည်ဆောက်နေပြီး ခိုင်ခန့်မှု နည်းပါးတာကြောင့် ကျောင်းပြိုကျမှာကို စိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
ဇွန်လအတွင်း စာသင်ကျောင်းတွေ ပြန်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကောင်စီဟာ ခိုင်ခန့်မှုမရှိတော့တဲ့ စာသင်ကျောင်းတွေကို အပြီးတိုင် ဖြိုဖျက်ချတာ မလုပ်ဆောင်သေးဘဲ ယာယီစာသင်ကျောင်းတွေကို အလျင်အမြန်တည်ဆောက်နေခဲ့တာပါ။
“လက်ရှိကတော့ ကျောင်းတွေက ရှင်းလင်းနေတာ အသစ်ဆောက်လုပ်နေတာ ရှိတယ်။ အဆောင်သစ်တွေကိုတော့ သံဖရိန်တွေချပြီး အမြန်ဆောက်နေတာ ၊ မေလ ၂၂ အပြီးလုပ်ခိုင်းထားတယ်၊ ဒီနားက ကျောင်းတင်မဟုတ်ဘူး မြို့ထဲကျောင်းတွေ အကုန်အပြီး လုပ်ခိုင်းထားတာ” လို့ နန်းဦးမြို့သစ်ရပ်နေ အသက် ၃၅ ခန့် အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီက မေလ ၂၂ ရက်နေ့ကစလို့ လကုန်ရက်အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ကာ ဇွန်လပထမပတ်အတွင်း ကျောင်းဖွင့်လှစ်သွားဖို့ရှိနေပြီး ပြိုပျက်နေတဲ့အဆောက်အဦးတွေ ပြင်ဆင်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ မြို့ခံကျောင်းသားမိဘတစ်ဦးနဲ့ ဆရာတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းတွေမှာ ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်ဦးတွေကို ရှင်းလင်းထားပြီး၊ ပြိုကျသွားခြင်း မရှိသေးပေမဲ့ အန္တရာယ်ရှိ အဆောက်အဦဖြစ်နေတဲ့ ကျောင်းဆောင်တွေကိုတော့ ဖြိုဖျက်ခြင်း မရှိသေးပါဘူး။
“ကျောင်းကတော့ ကလေးပညာရေးဆိုတော့ ကျောင်းအပ်ဖို့တော့တွေးနေပါတယ်။ ဒါပေမယ့် စိတ်တော့မချဘူး။ ငလျင်က ခုရက်တွေ တခါတလေလှုပ်တာရှိတယ်။ အရင်ငလျင်က အဆောက်ဦတွေ အက်သွားတာတွေ ချို့ယွင်းတာလည်း အနည်းနဲ့အများရှိနေသေးတာပဲ။ ဒီတော့ ကျောင်းလိုက်နေတုန်းထပ်လှုပ်မလား၊ ကျောင်းအဆောက်အအုံတွေက စိတ်ချရမလားဆိုတာ တွေးပူနေတယ်” လို့ ရန်နိုင်ရပ်နေ အသက် ၄၅ နှစ်ခန့် ကျောင်းသားမိခင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိ စစ်ကိုင်းမြို့ပေါ်မှာမတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်ဆီးမှုတွေကို ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ အတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး ငလျင်အတွင်း ပျက်ဆီးခဲ့တဲ့ အခြေခံပညာရေးကျောင်းဆောင်တွေကို လည်း ပြန်လည်အစားထိုး ဆောက်လုပ် ပြုပြင်နေဆဲဖြစ်ပါတယ်။
ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းဝင်းတွေအတွင်းမှာ အန္တရာယ်ရှိ ကျောင်းဆောင်တွေ ရှိနေသေးပြီး ကျောင်းဖွင့်ချိန်မှာ ပြိုကျပျက်စီးပြီး ကျောင်းသူ၊ကျောင်းသားတွေ ထိခိုက်မှုဖြစ်စေမှာကိုလည်း ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီက သူ့လက်အောက်ခံကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေပြီး တော်လှန်ရေးအင်းအားစုတွေရဲ့ ထိန်းချုပ်နယ်မြေအတွင်းက စာသင်ကျောင်းတွေကိုတော့ အင်အားသုံးလေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်လို့နေပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ မှာ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာ NUG လက်အောက်ခံ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးနှစ်လုံးကြဲချတာကြောင့် ကျောင်းသား ၊ကျောင်းသူ နဲ့ ဆရာမတွေအပါ၀င် ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။
ပုံစာ – စစ်ကိုင်းမြို့အတွင်း စစ်ကောင်စီက အလျင်မြန်ဆောက်လုပ်နေသည့် စာသင်ကျောင်းဆောင်တစ်ခုကို မြင်ရပုံ