မိုးဦးစရာသီမှာပင် တောင်တွေဖြိုပြီး ပုသိမ်-ချောင်းသာလမ်းကို တိုးချဲ့နေ တပ်အပြောင်းအရွှေ့လုပ်ဖို့ လွယ်ကူအောင်လုပ်နေတာလို့ သတင်းထွက်ပေါ်

စစ်ကောင်စီက ပုသိမ်-ချောင်းသာလမ်းကို နှစ်လမ်းသွားအဖြစ် ချဲ့ထွင်နေရာ ယခုနှစ် မိုးဦးစကာလမှာပင် လုပ်ငန်းရပ်နားခြင်းမရှိဘဲ ဆက်လက်ချဲ့ထွင်နေတာက စစ်ကောင်စီတပ်တွေ အရွှေ့အပြောင်းလုပ်ရာမှာ လွယ်ကူအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပုသိမ်-ချောင်းသာလမ်းကို ပြီးခဲ့တဲ့ နှစ် ရခိုင်နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက တိုးချဲ့နေပေမဲ့ တိုက်ပွဲတွေ ဖြစ်ပြီးချိန်မှာတော့ ယခင်ထက် ပိုကျယ်တဲ့ နှစ်လမ်းသွားဖြစ်အောင် တိုးချဲ့နေတာဖြစ်တဲ့အပြင် မိုးဦးစကာလမှာလည်း ရပ်နားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ လမ်းတွေကရှယ်ချဲ့နေတာ ခရီသွားဖို့ကောင်းပြီဆိုပြီး ပြောနေကြသေးတယ်။ တကယ်က သူတို့တွေ တပ်တွေရွှေ့ရင် လွယ်အောင်လို့ လမ်းတွေကိုချဲ့နေတာ။ အရင် တိုက်ပွဲမဖြစ်ခင် လောက်ကတည်းကချဲ့တာ အခုကပိုချဲ့နေတာ “ လို့ ချောင်းသာဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
ချောင်းသာ ငွေဆောင်လမ်းခွဲကနေ စတင်ချဲ့ထွင်နေတာဖြစ်ပြီး တောင်တချို့ဖြိုချကာ မြေညှိပြီး ကတ္တရာခင်းလုပ်ငန်း တွေကို နေပူ မိုးရွာမရှောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ယခင်က ချောင်းသာ မြို့အတွင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကိုလည်း မြို့ပြင်ကိုပြောင်းရွှေ့ထားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်အောက်ခံ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပြီး နေရာချထားတယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဂိတ်မှာ သဲအိပ်ဘန်ကာတွေလုပ်ထားတယ်။ သေနတ်တွေနဲ့ လက်နက်အပြည့်အစုံနဲ့ကို နေရာချထားတာ။ လမ်းက တချို့နေရာတွေ တောင်တွေဖြိုနေတုန်း၊ တချို့နေရာတွေ မြေညှိနေတယ်၊ တချို့နေရာတွေတော့ ကတ္တရာခင်းနေတာ မိုးရွာထဲလည်း ကတ္တရာလောင်းနေရတယ် “ လို့ ဒီအကြောင်းသိရှိသူ အသက် ၄၀ အရွယ် ဒေသခံအမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။
လမ်းတလျောက် အမြန်ပြီးဖို့ ဆက်တိုက် တွန်းပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ဂွတစ်မြို့နယ်လုံးကို သိမ်းပိုက်နိုင်ပြီးနောက် ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီပထမပတ်အတွင်းကစပြီး ရခိုင်-ဧရာဝတီတိုင်းအစပ် ပုသိမ်ခရိုင်ထဲကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပါတ်လောက်က လေးမျက်နှာမြို့ နယ်ထဲရှိ ပန်းတောကြီးကျေးရွာအနီးမှာ ထိတွေတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး မေလဆန်းပိုင်းမှာလည်း ရေကြည်မြို့နယ်ထဲက အမြောက်တပ် ၃၄၄ အနီးမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
ယခုရက်ပိုင်းတွေ အတွင်းမှာလည်း ငသိုင်းချောင်း-ဂွ လမ်းပိုင်းရှိ လက်ပံပင်ကျေးရွာအနီးနဲ့ စပြင်ကျေးရွာတွေမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့သလို ကျောက်တောင်ဗွေတောင်ကုန်းအနီးမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာနေရာတွေ အပြင် ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်စတဲ့ မြို့နယ်တွေထဲမှာလည်း ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရေကြည်မြို့နယ်ထဲက ၃၄၄ အမြောက်တပ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ပြင်ထန်နေပြီး မကြာမီ စစ်ကောင်စီရဲ့ ၃၄၄ အမြောက်တပ်ကို သိမ်းပိုက်နိုင်တော့မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်