အင်းလေးက ငလျင်ဘေးသင့် ဒေသခံတွေ ရေဘေးအတွက် စိုးရိမ်နေ

Author CJ Platform
Categories
Published on May 14, 2025

စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေများခဲ့ရတဲ့ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှာ ငလျင်ဘေးသင့် ဒေသခံတွေဟာ နေအိမ်တွေ ပြန်လည် မတည်ဆောက်နိုင်သေးချိန် ရေတက်လာမှာကို စိုးရိမ်နေရပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

အင်းလေးဒေသမှာ ယခုရက်ပိုင်းအတွင်း မိုးကြီးတာနဲ့ လေပြင်းတိုက်ခိုက်တာတွေရှိနေပြီး ရေအနည်းငယ်မြင့်တက်လာတဲ့အတွက် ငလျင်ဘေးသင့် အင်လေးဒေသခံတွေ စိုးရိမ်နေရတာလည်း ဖြစ်ပါတယ်။

 

နေအိမ်တွေ ပျက်စီးသွားခဲ့ရတဲ့ အင်းလေးဒေသခံ အများစုဟာ ကျွန်းမျောတွေပေါ်မှာ ယာယီမိုးကာတဲထိုးပြီး နေထိုင်နေကြရတာဖြစ်ပြီး၊ လက်ရှိမှာတော့ ခိုင်ခန့်တဲ့ အဆောက်အဦရှိရာနေရာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ အင်းလေးဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“မိုးအရမ်းရွာတော့ ရေတက်လာတယ်။ အိမ်မဆောက်ရသေးတဲ့သူ၊ မိုးကာနဲ့ မိုးပြီး နေနေရသူတွေတော့ ဒုက္ခရောက်တာပေါ့။ ရွာက သူတွေ ကြောက်ပြီး ခိုင်ခန့်တဲ့ အဆောက်အဦး ရှိရာမှာ စုနေကြတယ်”လို့ သူကဆိုပါတယ်။

 

လက်ရှိမှာတော့ အင်းလေးဒေသမှာ ရေအများကြီးမတက်သေးပေမယ့် မိုးအရမ်းရွာတဲ့အတွက် ရေတက်ဖို့များတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

 

မိုးရွာသွန်းမှာကြောင့် ရေတက်လာမှာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အသိပေးပြောကြားတာမျိုး မရှိသလို၊ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ပေးတာမျိုး မတွေ့ရဘူးလို့လည်း  အင်းလေးက ငလျင်ဘေးသင့်ဒေသခံတွေကို ကူညီပေးနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဘာမှမရှိပါ။ နှုန်းမြေကျလာလို့ ရေထုတတ်လာတာရှိတယ်။ စိုးရိမ်တာကလွဲလို့မလုပ်နိုင်၊ အခြားမြို့ကိုပြောင်းပြီး အင်းကိုစွန့်ခွာဖို့ပဲကျန်တယ်။ ရေကျမှလာပြန်နေ”လို့ သူကဆိုပါတယ်။

 

ယခုရက်ပိုင်းအတွင်းမှာလည်း အင်းလေးဒေသမှာ လေပြင်းတိုက်ခိုက်လို့ ငလျင်ဘေးသင့်ဒေသခံတွေအတွက် ဆောက်လုပ်ပေးထားတဲ့ နေအိမ်အချို့ အမိုးလှန်ကာ ပျက်စီးခဲ့ရသေးတယ်လို့လည်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် အင်းလေးဒေသမှာ ကျေးရွာ ၂၅ ရွာကအဆောက်အအုံ ၃၀၀၀ကျော် ပျက်စီးခဲ့ရပြီး လူဦးရေ ၁၀၀ခန့် သေဆုံးခဲ့ရတယ်လို့ Pa-O Youth Organization က ဧပြီလ ၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် အင်းလေးဒေသက ခန့်မှန်းလူဦးရေ  ၂၀၀၀၀လောက်ဟာလည်း ငလျင်ဘေးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

 

လက်ရှိအချိန်ထိ အင်းလေးဒေသပြန်လည်ထူထောင်ရေးဟာ အခက်အခဲတွေရှိနေဆဲဖြစ်ပြီး အလှူရှင်တွေလည်း နည်းပါးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – Pa.O Youth Organization (PYO)