ရိုးမဖြတ်ကျော်လမ်းဘေးက စစ်ကောင်စီအထိုင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ရှင်းလင်း

Author CJ Platform
Categories
Published on May 12, 2025

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ရိုးမဖြတ်ကျော်လမ်းဘေးက စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ မေလ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့လို့ စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ တပ်စခန်းကနေ ကားတွေကို ချောဆွဲခေါ်ဆောင်တယ် သတင်းရရှိလို့ ဝင်ရောက်တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့တာကြောင့် တပ်စခန်းကို ပြန်လည်နေထိုင်တာ မလုပ်နိုင်အောင် မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရောက်ချိန် စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေမရှိတော့ဘူး။ အကုန်ဆုတ်ပြေးပြီ။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ မရှိခဲ့ဘူး။ သူတို့ အသုံးအဆောင်တချို့ပဲ ကျန်ခဲ့တယ် “ လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ အမှတ်(၁) ခြေလျင်တပ်ရင်း ခလရ၁ ကိုဆုတ်သွားတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 

မီးရှို့ခံခဲ့ရတဲ့ စစ်ကောင်စီတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ကတည်းက စစ်ကောင်စီက တည်ဆောက်ခဲ့တာဖြစ်ပြီး သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးကြိမ်ထက်မနဲ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တပ်စခန်းဖြစ်တယ်လို့လည်း သိရပါတယ်။

 

ပဲခူးရိုးမထဲရှိ စိန်ကန့်လန့် နဲ့ မြို့ချောင်းကို ဆက်သွယ်ထားတဲ့ ရိုးမဖြတ်ကျော်လမ်းရဲ့ ဟိုင်းယုလမ်းဆုံမှာ တည်ရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ အထိုင်ချနေထိုင်ချိန်ကစပြီး အနီးရှိမြို့ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ အပြင် ဒေသခံတွေကို ချိန်းခြောက်ကာ ငွေကြေးတောင်းခံတာမျိုးတွေ ပြုလုပ်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ရဲ့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကလည်း အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင်ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး သေနတ် ၁၁ လက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တဲ့အပြင် စစ်မှုထမ်းသင်တန်းဆင်း စစ်သုံပန်းတစ်ဦး ဖမ်းဆီးရရှိခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅