ရုရှားက ဘက်ပေါင်းစုံကူညီပေးလို့ နိုင်ငံအတွက် အထောက်အကူများစွာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှပြော

Author CJ Platform
Categories
Published on May 09, 2025

ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီးဒေါ်ကြူကြူလှက ရုရှား ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ မစ္စဗလန်တီနာ မတ်ဗီယန်ကို (Mrs. Valentina Matvienko) နဲ့ ယမန်နေ့က တွေ့ဆုံစဉ်မှာ ရုရှားက ဘက်ပေါင်းစုံကူညီပေးမှုက နိုင်ငံအတွက် အထောက်အကူများစွာဖြစ်တဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ပြောလိုက်ပါတယ်။

 

ရုရှား ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်ကြောင့် ပြည်ပနိုင်ငံတွေကို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ပထမဆုံး ရောက်ရှိခဲ့တဲ့ စစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှက ၎င်းကိုဖိတ်ကြားခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံစဉ်မှာ အခုလိုမျိုး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

ရုရှားလွှတ်တော်ဥက္ကဋ္ဌက မြေငလျင်နဲ့ပတ်သတ်ပြီး ဝမ်းနည်းကြောင်းနဲ့ ရုရှားမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ယူရေးရှားအမျိုးသမီးဖိုရမ် (Eurasian Women’s Forum)ကို သုံးနှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိတာကြောင့် မြန်မာအနေနဲ့ ဖိုရမ်မှာ ပါဝင်ဖို့ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားလွှတ်တော်ဥက္ကဋ္ဌက ကလေးငယ်နဲ့ အမျိုးသမီးတွေ အရေးပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ နိုင်ငံတဝန်း စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေပါ မချန် ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဇနီးက နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းသွားဖို့ကိုသာ ရုရှားဥက္ကဌနဲ့ ဆွေးနွေးသွားခဲ့ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ အကြောင်းကို ဆွေးနွေးခဲ့ခြင်းတော့ မရှိတာကို စစ်ကောင်စီ လက်အောက်ခံ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဒေါ်ကြူကြူလှဟာ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌအပြင် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ရုရှားနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ မစ္စ အန်နာနက်စတိုဗာ (Ms. Anna Nesterova) နဲ့လည်း  ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီရုံးမှာ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုအတွင်းမှာတော့ အမျိုးသမီးစီးပွားရေးမဟာမိတ် အဖွဲ့ရုံးခွဲတွေကို မြန်မာမှာဖွင့်လှစ်ဖို့၊ မြန်မာအနေနဲ့ အမျိုးသမီးစွန့်ဦးတီထွင်မှု အခန်းကဏ္ဍ မြှင့်တင်ဖို့တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းကဖော်ပြထားပါတယ်။

 

စစ်ကောင်စီခေါင်းဆောင်ဟာ ရုရှားနိုင်ငံရဲ့ ဒီကနေ့ မေလ ၉ ရက်နေ့မှာ ကျရောက်တဲ့  မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို မေလ ၇ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်ရဲ့ ဇနီးဖြစ်သူ‌ ဒေါ်ကြူကြူလှကလည်း နိုင်ငံတော်အဆင့် ခရီးစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ပွဲတက်တဲ့ အနေနဲ့ ရုရှားနိုင်ငံကို စစ်ခေါင်းဆောင်နဲ့အတူ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။