အမ်း-ပဒါန်း ကားလမ်းပေါ်က ချင်းရွာတွေကို စစ်ကောင်စီတပ်က ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထား

Author CJ Platform
Categories
Published on May 09, 2025

မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် ဗျူဟာကုန်းရှိတဲ့ အမ်း-ပဒါန်း ကားလမ်း ပေါ်က ချင်းရွာတွေကို ယခုလ မေလ အစောပိုင်းကစပြီး စစ်ကောင်စီက ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဆိုပါ ကျေးရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ခိုအောင်းနေတယ်စွပ်စွဲချက်နဲ့ ကုန်စည်တွေကို ၎င်းတပ်ဖွဲ့တွေဆီ ရောက်ရှိမှာကို စိုးရိမ်တာကြောင့် ပဒါန်းမြို့ကနေ ကျေးရွာတွေဘက် ကုန်သွယ်စီးဆင်းမှုကို စစ်ကောင်စီတပ်က အခုလို့ ကန့်သတ်လိုက်တာလို့ သိရပါတယ်။

 

“ဒီဘက်မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေဆိုတော့ စစ်သားတွေက PDF၊ AA တွေ ရွာတွေဘက်မှာ ရှိမယ်ထင်ကြတယ်။ ပြီးတော့ ဆန်တွေ၊ ဆီတွေ၊ ဆေးဝါတွေလည်း သူတို့ဆီရောက်သွားမယ်စိုးလို့၊ သူတို့အတွက် သယ်ပေးတာ ထင်လို့ လိုသလောက် သယ်ခွင့်မရဘူး။ ကန့်သတ်ထားတယ်။ တပ်မ (၉၉) တပ်မမှူးက ပြီးခဲ့တဲ့ရက်တွေက နှုတ်အမိန့်နဲ့ ညွန်ကြားထားတာပါ”လို့ အသက် ၄၀ ဝန်းကျင် ဒေသခံ ချင်းအမျိုးသား တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အမ်း-ပဒါန်း ကားလမ်းပေါ်က ဒေသခံတွေဟာ အခြေခံစားသောက်ကုန်စည်တွေကို ပဒါန်းမြို့ကနေ ဝယ်ယူနေရပြီး စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကလည်း ကုန်စည်သယ်ယူရာမှာ မိသားစုဝင် အနည်း၊ အများပေါ်မူတည်ပြီး တစ်ပတ်စာ၊ ၅ ရက်စာတို့ကိုပဲ သယ်ခွင့်ပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အခြေခံစားသောက်ကုန်စည်တွေ သယ်ယူခွင့် ကန့်သတ်ထားမှုကြောင့် ဒေသခံတွေဟာ မကြာခဏ မြို့တက်ပြီး စျေးဝယ်ယူနေရတဲ့အတွက် ကုန်ကျစရိတ်များသလို အလုပ်အကိုင်တွေလည်း ပျက်နေရတယ်လို့လည်း သိရပါတယ်။

 

“ပဒါန်းတစ်ခါသွားဖို့ အနည်းဆုံး လမ်းစရိတ် တစ်သောင်းလောက်ကုန်တယ်။ ကြားထဲက အလုပ်က ပျက်သေးတယ်။ အခုလိုကန့်သတ်လိုက်တဲ့အတွက် တစ်ပတ်တစ်ကြိမ်၊ ငါးရက်တစ်ကြိမ် မြို့တက်ပြီး စျေးဝယ်နေရတယ်။ အဆင်မပြေဘူး။ အရမ်းဒုက္ခရောက်တယ်။ ပြီးတော့ စစ်သားဂိတ်တွေလည်း ဖြတ်ရတဲ့အတွက် ဖမ်းဆီးခံရမှာကိုလည်း စိုးရိမ်တယ်”လို့ အသက် ၃၀ အရွယ် ချင်းအမျိုးသမီး တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါကြောင့် ဒေသခံတွေဟာ လမ်းခရီး ကုန်ကျစရိတ်များတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို ခြေကျင်နဲ့ တောလမ်းကနေ သယ်ယူနေကြသူတွေလည်းရှိတယ်လို့ သူမက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ မတ်လက အမ်း-ပဒါန်း ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ တစ်နိုင်ငံလုံး ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလမှာတော့  တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီတပ်က အမ်း-ပဒါန်း ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေကို ဆေးဝါးတွေအပြင် အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့် ကန့်သတ်ထားပြီး စစ်ကောင်စီ တပ်စခန်းတွေမှာတော့ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

 

အမ်း-ပဒါန်း ကားလမ်းပေါ်မှာ ကျေးရွာပေါင်း ၄၀ ကျော်တည်ရှိပြီး လူဦးရေ နှစ်သောင်းကျော် ရှိတယ်လို့ သိရပြီး ယခုနှစ် ၂၀၂၅ ခုနှစ် အစောပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၀ ကျော်လောက်က ဒေသခံပြည်သူတွေဟာ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

ပုံစာ- အမ်း-ပဒါန်း ကားလမ်းပေါ်က ကျေးရွာတစ်ရွာကို တွေ့ရစဥ်