မူး(မုန်း)မြို့နယ်တွင်းက စစ်ကောင်စီ အထိုင်ချထားတဲ့ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ခလယ်လွီထူခရိုင်၊ မူး(မုန်း)မြို့နယ် အတွင်းရှိ စစ်ကောင်စီ ခြေကုတ်ယူ အထိုင်ချထားတဲ့ တပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ(၆၀)၊ ခလရ(၇၃) ပူးပေါင်း တပ်ပေါင်းစုက ထိုးစစ်ဆင်ပြီး ခြေကုတ် ယူထားတဲ့ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာတွေကို ဧပြီလ (၂၈) ရက်နေ့ မနက် ၁ နာရီ အချိန်မှာ သိမ်းယူရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူးနဲ့ အရာခံဗိုလ်တစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ရကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
အခုသိမ်းပိုက်လိုက်တဲ့ ကျေးရွာတွေမှာ စစ်ကောင်စီ တပ်တွေတပ်စွဲထားတာကြောင့် ဒေသခံတွေအနေနဲ့ ပိုင်ဆိုင်မှုများကို ထားခဲ့ကာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲံ့ကြရပြီး ဒုက္ခများစွာကြုံတွေ့ခဲ့ကြရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ − KNU
ပုံစာ – စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်း များ။