စစ်ကောင်စီ ကပစ ၁၃ ကတပ်ဖွဲ့ဝင်တွေ ချင်းကာကွယ်ရေးတပ် – အရှို တိုက်ခိုက်လို့ ၉ ဦးသေဆုံး

Author CJ Platform
Categories
Published on May 01, 2025

ငဖဲမြို့နယ် ပဇီကျေးရွာတပ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၁၃ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၁၃ က တပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူဖို့ ထွက်လာစဉ် ချင်းကာကွယ်ရေးတပ်-အရှို Chin Defence Force – Asho (CDF- Asho) တပ်ဖွဲ့က မနေ့က ဧပြီလ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်မှာ ဖြတ်တောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ CDF Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ နတ်ရေကန်တပ်စခန်း မကျစေရေးအတွက် ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ် စွဲထားတဲ့ ကပစ – ၁၃ က တပ်သား ၂၀ကျော် ကားလမ်းလုံခြုံရေး ဆောင်ရွက်ဖို့ ထွက်လာစဉ် တိုက်ခိုက်ခံရတာဖြစ်ပြီး ၉ ဦး ပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း မကျစေရေးအတွက် ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ကာကင်းအဖြစ် တပ်မ( ၉၉ )အပြင် ကပစ  ၂၊ ကပစ ၁ဝ၊ ကပစ ၁၃ နဲ့ ကပစ ၁၄ က တပ်သားစုစုပေါင်း အင်အား ၁၃၀ ခန့်နဲ့ တပ်စွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေနဲ့အတူ MA အမျိုးစား လက်နက်ငယ် ( ၉ )လက်၊ ကျည်ဘောက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ CDF- Asho ကထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီတပ်စွဲထားတဲ့ ငဖဲမြို့နယ် ပဇီဘုန်းကြီးကျောင်းက စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျေးရွာတွေက နေအိမ်တွေကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ထုတ်ယူရောင်းချနေတယ်လို့လည်း CDF- Asho သတင်းနဲ့ပြန်ကြားရေးဌာန စစ်ရေးမှတ်တမ်းဌာန က ထုတ်ပြန်ထားပါတယ်။

 

အာရက္ခတပ်တော် AA က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကုန်းကို တိုက်ခိုက်စဉ် အတွင်း ကာကင်းစခန်းတွေက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF- Asho က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ကနေ ၂၆ ရက်နေ့အထိ သုံးရက်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဖမ်းဆီးရာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို လက်နက်ခဲ့ယမ်းများနဲ့ အတူ ဖမ်းဆီးရရှိခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – CDF- Asho