သောင်ရင်းမြစ်ဘေးမှာ WY မူးယစ်ဆေးဝါးတွေ ငါးသန်းခွဲကျော်ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ မူယူထာဒေသမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က မူးယစ်ဆေးဝါး (WY) (၅၉၉)ထုတ် ဆေးပြားပေါင်း ၅ သိန်းခွဲကျော်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဖမ်းဆီးရမိတယ်လို့ မနေ့က KNU ဗဟိုက ထုတ်ပြန်ထားချက်အရ သိရပါတယ်.
မူးယစ်ဆေးဝါးတွေကို ထိုင်းမြန်မာနယ်စပ်တလျောက် သောင်ရင်းမြစ်ဘေးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာပါ။
ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါး အမှုနှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှု ပပျောက်ရေးကော်မတီ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့က တာဝန်ယူစုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ကော်သူးလေဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး ကရင်အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သတ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံး၀ပတ်သက်မှုမရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ရုံးချုပ်က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းတွေကို KNU/KNLA ရဲ့ မူလမ်းစဉ်အရ လုံးဝအားပေးထောက်ခံခြင်းမရှိဘဲ နိုင်ငံတကာနဲ့အတူ ဆန့်ကျင့်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး KNU/KNLA အနေနဲ့ တော်လှန်ရေးသမိုင်းတလျှောက် ကင်းရှင်းစွာ ရပ်တည်လာခဲ့သည့်အဖွဲ့အစည်းဖြစ်ပြီး KNU အုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို အဖွဲ့ရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ် လို့လည်း အသိပေးထားပါတယ်။
ဓာတ်ပုံ – KNU