ဘိလပ်မြေစျေးတင်ရောင်းသူတွေကို ဖမ်းနေပေမဲ့ ဆိုင်အများစုမှာ စစ်ကောင်စီသတ်မှတ်စျေးနဲ့ ဝယ်ယူမရဘဲ နီးစပ်သူတွေကိုသာ ခွဲဝေပေးနေလို့ ဆိုင်ရှင်တွေ အခက်တွေ့

Author CJ Platform
Categories
Published on Apr 26, 2025

ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ်တွေ စျေးမတက်စေရေး စစ်ကောင်စီက ထိန်းချုပ်ကာ စျေးတင်ရောင်းသူတွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ သတင်းထုတ်ပြန်ထားပေမဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်အများစုမှာ စစ်ကောင်စီ သတ်မှတ်စျေးနဲ့ ဝယ်ယူမရဘဲ စစ်ကောင်စီက သူတို့နဲ့ နီးစပ်သူတွေကိုသာ ခွဲဝေပေးနေလို့ ဆိုင်အများစု အခက်အခဲတွေ့ကာ အရောင်းဝယ် ရပ်နားထားရတယ်လို့ သိရပါတယ်။

 

မန္တလေးတိုင်း သာစည်မြို့နယ် ရွှေတောင်ဘိလပ်မြေစက်ရုံကနေ အပါချီဘိလပ်မြေတွေကို စက်ရုံအထိုင်စျေး ၁၇၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဘိလပ်မြေအိတ်တွေကို စျေးနှုန်းမြှင့်တင် ရောင်းချနေတဲ့ ဆိုင်ပေါင်း ၆၂ ဆိုင်ကို အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

“ဆရာကြီးလက်ဖက်ခြောက်က ဘိလပ်မြေတွေ ၁၇၀၀၀ နဲ့ရောင်းရမယ်ဆိုတယ်၊ ဒါဆိုဟို တစ်နေ့က Online ပေါ်မှာ Max Cement ၂၀၀၀၀ နဲ့ လိုအပ်တဲ့သူကို ရောင်းပေးတာကို မရောင်းစေချင်လိုပဲ ပြောတာလားမသိ ၊ သူပြောတဲ့ ၁၇၀၀၀ က ဘယ်စျေးကို ပြောချင်တာလဲ စက်ရုံစျေးလား အရောက်ပို့စျေးလားသိချင်မိ| Alpha ဘိလပ်မြေက ငလျင်မလှုပ်ခင်က ရန်ကုန်အရောက်စျေးမှ ၁၈၀၀၀ နည်းနည်းစွန်းစွန်းပဲ ရှိတယ်ဗျာ ။ ဒါဆိုခု ငလျင်လှုပ်ပီး ပြန်လည်ထူထောင်ရေးပြန်လုပ်မယ့် အချိန်မှာမှ Apache စက်ရုံစျေး ၁၇၀၀၀ Max ကလဲ စက်ရုံစျေး ၂၀၀၀၀ နဲ့ရောင်းပေးမယ်ဆိုတော့ ဘယ်သူကတက်တာလဲ သေချာသာ စဉ်းစားကြည့်ပေါ့ဗျာ Alpha ဘိလပ်မြေတောင် ငလျှင်မလှုပ်ခင်က ရန်ကုန်အရောက် ၁၈၀၀၀ စွန်းစွန်းပဲရှိနေတဲ့အချိန်၊ အဲဒီဘိလပ်မြေက စျေးက ဘယ်လောက်ထိပဲ ရှိမယ်ဆိုတာ အကုန်လုံးလဲ သိကြမှာပါ၊ ခုတော့ ဘယ်သူကစေတနာတွေ အရမ်းရှိလဲ ဆိုတာ သိစေချင်ရုံပါ ခုလဲ ဆိုင်တွေဖမ်းပြနေတဲ့ စစစ(စောက်တလွဲ) ကအရေးမယူရဲဘူး စက်ရုံစျေး မတရားတက်သွားတာကို ဆိုင်ကို ဖမ်းလို့ ဆိုင်တွေက မရောင်းတော့ဘူး Site တွေလဲနားပီဆိုရင် တကယ်ခံရမှာက အခြေခံ အလုပ်သမားပါပဲဗျာ”လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ဘိလပ်မြေဝယ်ယူနိုင်သူတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ ကော်မရှင်စား လုပ်ငန်းရှင်တွေပဲ ဖြစ်နေပြီး ၊မြေပြင်မှာ အမှန်တကယ် ဆိုင်ဖွင့်ရောင်းချသူတွေက ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။

 

“သူတို့စျေးနဲ့ ရရင် ကားဆယ်တွဲလောက်ကို လိုချင်ပါတယ်၊ အမြတ်လဲ မတင်ပါဘူး သယ်ယူစရိတ်အပြီး တစ်အိတ်ကို အမြတ်လုံးဝ တင်မရောင်းပါဘူး၊ စက်ရုံတစ်ခုလုံး ထွက်သမျှ အကုန်လိုချင်ပါတယ်၊ ကိုယ့်ဆိုင်မှာ ဘိလပ်မြေရတယ်ဆိုရင် အခြားပစ္စည်းတွေပါ ရောင်းရပါတယ်၊ ဒါ့ကြောင့် ဘိလပ်မြေကို စျေးရင်းတိုင်းရောင်းချပေးမယ် သူတို့ ပေးမလားလို့ စိန်ခေါ်ရဲပါတယ်၊ အခုက သူတို့လူကို သူတို့ပေးထားပြီး အဲဒီလူတွေဆီက အမြတ်အများကြီးပေးပြီး ယူနေရတာ၊ သူတို့ အဆင့်ဆင့်စားတာနဲ့ ရန်ကုန်အရောက်ဆို တစ်အိတ် နှစ်သောင်းခွဲနီးပါး ဖြစ်ကုန်တယ်၊ ခံရတော့ ကျွန်မတို့ပါပဲ”လို့ ရန်ကုန်မြို့က အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီဟာ ပြည်တွင်းမှာ ဘိလပ်မြေထုတ်လုပ်မှု မလုံလောက်တာကြောင့် ပြည်ပကနေလဲ ဘိလပ်မြေအိတ်တွေ တင်သွင်းပေးနေတယ်လို့ ထုတ်ပြန်ထားပေမဲ့ မြေပြင်စျေးကွက်အတွင်းကို ရောက်ရှိမလာခဲ့ဘူးလို့လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Related News

Depend on news