စစ်ဘက်အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုတွေ အတွက် NUG MoD ထုတ်ပြန်

စစ်ဘက်ဆိုင်ရာ အကျဉ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုတွေ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်များနဲ့အညီ ဖြစ်စေဖို့ တည်မြဲအမိန့်တစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကနေ မနေ့က ဧပြီလ ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘက်အကျဥ်းထောင်များနဲ့ အချုပ်ခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများနဲ့ ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ အကျဉ်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့နဲ့ အမှုများ စစ်ဆေးရာမှာ ကြန့်ကြာမှုမရှိစေဖို့ စစ်ဥပဒေရုံးကနေ စစ်ဆေးကြည့်ရှု့ဆောင်ရွက်ရမယ်လို့ ညွန်ကြားထားတာပါ။
အဲဒီလို စစ်ဆေးကြည့်ရှု့ရာမှာ အကျဥ်းသား/ အချုပ်သား ဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှု စတဲ့ အကျဥ်းသား/ အချုပ်သား အခွင့်အရေးတွေ ရရှိခြင်း ရှိ/မရှိ၊ အမှုများ စုံစမ်းစစ်ဆေးရာမှာလည်း ကြန့်ကြာမှု ရှိ/မရှိ၊ ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားခြင်း ရှိ/မရှိ တို့ကို စိစစ်သွားရမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အဲဒီညွန်ကြားချက်ထဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေအားလုံး ပါဝင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – NUG MoD
ပုံစာ – NUG အုပ်ချုပ်ရေးနယ်မြေရှိ အကျဥ်းထောင်သို အဆိုတော် မိုင်းမိုင်ဆိုင်း လာရောက်ဖျော်ဖြေစဥ်